ပွင့်ဖြူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန်အတွက် ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးကို ဒေသခံတောင်သူများက အောက်တိုဘာလဆန်းပိုင်းက စတင်ထွန်ယက်စိုက်ပျိုးလျက်ရှိပြီး ပဲကြီးသီးနှံစိုက်ပျိုးမှုအနေဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ စိုက်ပျိုးမှုအနေဖြင့် မတ်ပဲ ၁၃၂ ဧက ၊ ပဲကြီး ၄၁ ဧက၊ ပဲကြား ၃၉၁ ဧက၊ စားတော်ပဲ ၃၁၈၅ ဧက၊ ကုလားပဲ ၂၁၈၄၃ ဧက၊ ပဲလွမ်း ၃၂၃၂ ဧက၊ ပဲနောက် ၄၁၈ ဧက၊ ပဲယင်း ၂၁၄ ဧက၊ ထောပတ်ပဲ ၇၇၃၂ ဧက၊ အခြားပဲသီးနှံ ၈၉၆ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၃၈၀၈၄ ဧကလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ဒေသခံတောင်သူများက ပဲမျိုးစုံသီးနှံလျာထားဧက ပြည့်မီရေးအတွက် အောက်တိုဘာ လဆန်းပိုင်းကစပြီး တောင်သူလုပ်ငန်းသုံး ကျွဲနွားတိရစ္ဆာန်များနှင့် လယ်ယာသုံးစက်ကိရိယာများဖြင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အဆိုပါ ပဲမျိုးစုံသီးနှံများအနက် ပဲကြီးသီးနှံစိုက်ပျိုးမှုမှာ ယခုနှစ်တွင် သတ်မှတ်လျားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ဒေသခံတောင်သူများ ဆောင်းသီးနှံများစိုက်ပျိုးရာ၌ အခက်အခဲမရှိ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ၏ လယ်ယာမြေများ အရောက်ကွင်းဆင်းပြီး တောင်သူအသိပညာပေးလုပ်ငန်းများကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲမျိုးစုံသီးနှံစိုက်ဧက ၃၈၀၈၄ ဧက စိုက်ပျိုးသွားဖို့လျာထားရှိပြီး ဒေသခံတောင်သူတွေကိုလဲ သတ်မှတ်လျာထားဧကပြည့်မီအောင်စိုက်ပျိုးကြဖို့ တောင်သူပညာပေးလုပ်ငန်းတွေကို တွန်းအားပေးဆောင်ရွက်နေပါတယ်။ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် ဒေသခံတောင်သူတွေက စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ ယခုဆိုရင် ပဲမျိုးစုံသီးနှံများထဲမှာ ပဲကြီးသီးနှံစိုက်ပျိုးမှုဟာ ၃၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နောက်ပြီး ပဲကြီးသီးနှံက ဈေးကောင်းလဲရရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ်အားထားစိုက်ပျိုး လုပ်ကိုင်ကြတယ်။ ဒေသခံတောင်သူတွေကိုလဲ သီးနှံအထွက်နှုန်းတိုးပွားဖို့နဲ့ သီးနှံအရည်အသွေးကောင်းမွန်စေဖို့ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ GAP စနစ်နဲ့ စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရာ၌ သဘာဝပိုးသတ်ဆေးထုတ်လုပ်အသုံးပြုခြင်း၊ အချိန်မီရိတ်သိမ်းခြင်းစတဲ့ နည်းစနစ်များကို အဓိကထားဆောင်ရွက်ဖို့ အသိပညာပေးထားပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ပဲမျိုးစုံသီးနှံ ၃၈၀၈၄ ဧက ၊ ဆီထွက်သီးနှံစုံ ၂၂၃၅၅ ဧက ၊ စားဖိုဆောင်သီးနှံစုံ ၄၁၇၉ ဧက၊ ဖူးစားပြောင်း ၃၀၄၈ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၇၄၂၅ ဧက၊ အခြား အထွေထွေစားသုံးသီးနှံ ၃၈၅ ဧက၊ စုစုပေါင်း ဆောင်းသီးနှံစုံဧက ၇၅၄၇၆ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကာ ယနေ့အထိ ဆောင်းသီးနှံစုံ စိုက်ဧက ၂၇၃၈၉ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)