ရှမ်းရွာသစ်မြို့တွင် ဒေသထွက်ကွမ်းသီးခြောက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ် နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉) အုပ်စုရှိရာ တောင်ယာ လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်သည်။ ဒေသနေပြည်သူအများစုမှာ တပိုင်တနိုင် ဥယျာဉ်ခြံမြေလုပ်ငန်းကို နှစ်စဉ်လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် ဒေသထွက် ကွမ်းသီးအခြောက်များရောင်းချပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကွမ်းသီးစိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကိုစိုက်ပျိုးသည့်အချိန်မှစကာ အပင်သက်တမ်း (၆)နှစ်ကျော် (၇)နှစ်တွင် စတင်အပွင့်များထွက်ပြီး အသီးများသီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာလမှဒီဇင်ဘာလတွင် ခူးယူပြီး ရာသီမရွေး ရောင်းချနိုင်ရန်အတွက် အခြောက်လှမ်းသိုလှောင်ထားကြောင်း၊ ယခုနှစ်တွင် ကွမ်းသီးအခြောက်ပြောင်ဈေး တစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ပြောင်လတ်တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ရွေးကျဲကြီးတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဓားခြစ်တစ်ပိဿာ (၇၀၀၀)ကျပ်နှင့် ထောင်းကွဲတစ်ပိဿာ (၆၀၀၀)ကျပ်ရရှိသဖြင့် ဒေသတွင်း စားသုံးနိုင်ရန်အတွက်ရောင်းချလျက်ရှိရာ ကွမ်းသီးပင်စိုက်ပျိုးသည့် ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)