ရှမ်းရွာသစ်မြို့ပရေကြေတိုရေတံခွန်တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ခရီးသွားပြည်သူများလာရောက်အပန်းဖြေ

ရှမ်းရွာသစ် နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ပရေကြေတိုရေတံခွန်သို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိရာ  ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ခရီးသွားပြည်သူများ နေ့စဉ်လာရောက် အပန်းဖြေရေကစားလျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့က လှိုင်းဘွဲမြို့မှလာရောက်ပြီး ရေကစားကြတာပါ။ ယခုအချိန်တွင် ပွင့်လင်းရာသီ ရောက်ပြီ ဖြစ်သည့်အတွက် သူငယ်ချင်းများနဲ့စုပေါင်းပြီး လာရောက်အပန်းဖြေရေကစားခြင်း ဖြစ်ပါတယ်။ ယခုလိုရေတံခွန်တွင် ကျွန်တော်တို့သာမက အခြားဒေသများမှ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေနေကြတာတွေလည်း ရှိပါတယ်။ စနေ၊ တနင်္ဂနွေရက်များဆိုရင် ခရီးသွားပြည်သူများ ပိုပြီးလာရောက်တယ်လို့လည်း သိရပါတယ်။ ပရေကြေတို ရေတံခွန်ဟာဆိုရင် ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်တာကြောင့် ကရင်ပြည်နယ်အတွက်လည်း အများကြီးဂုဏ်ယူပါတယ်။ တောတောင်များကြားတွင် သာယာလှပအေးချမ်းသော ပရေကြေတိုရေတံခွန်သို့လာရောက်ပြီး အပန်းဖြေအနားယူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်"ဟု အပန်းဖြေလာရောက်သည့် ခရီးသွားပြည်သူတစ်ဦးထံမှ သိရသည်။

ပရေကြေတိုရေတံခွန်သည် ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စု၊ ပရေကြေးထကျေးရွာတွင်တည်ရှိပြီး ရှမ်းရွာသစ်မြို့မှ (၃)မိုင်ခန့်ကွာဝေးသော ကျောက်ထပ်(၈)ဆင့်ရှိ တောင်ကုန်း၊ တောင်တန်းများကြားမှ အေးမြကြည်လင်နေသာရေများဖြင့် သဘာဝအတိုင်းဖြစ်ပေါ်နေသော ရေတံခွန်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ်အတွင်းရှိ ထင်ရှားသည့် ရေတံခွန်တစ်ခုလည်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ  ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် အဖွဲ့လိုက်နေ့စဉ်လာရောက် အပန်းဖြေရေကစားကြပြီး  ရေတံခွန်တစ်လျောက်ရေကူးကြသူများ၊ အရိပ်ရ သစ်ပင်အောက်များ၌ အပန်းဖြေ အနားယူကြသူများ၊ ဓာတ်ပုံရိုက်ကူးသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်းနှင့် ရာသီပေါ်ဒေသထွက် အစားအစာ ရောင်းချသူများအနေဖြင့်လည်း အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)