ဖာပွန် အောက်တိုဘာ ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ မြေပဲစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ယွန်းစလင်း ချောင်းရေမတိုးသည့် အတွက် နုန်းတင်မြေနုပေါ်တွင်စိုက်ပျိုးသည့် ဆောင်းမြေပဲ အထွက်နှုန်းကျဆင်းမည်ကို စိုးရိမ်လျက်ရှိကြောင်းသိရှိရသည်။
ဖာပွန်မြို့နယ် ယွန်းစလင်းချောင်းဘေးတစ်လျှောက်ရှိကျေးရွာများတွင် မိုးအကုန်ဆောင်းအကူးအချိန်၌ ဆောင်းမြေပဲကို စိုက်ပျိုးကြသည်။ မြေပဲသည် စတင်စိုက်ပျိုးပြီး(၂၁)ရက်အကြာတွင် ပေါင်းရှင်းခြင်း၊ မြေဘောင်လုံးခြင်းများ ဆောင်ရွက်ကြရကြောင်း၊ မြေပဲသက်တမ်းမှာ ရက်(၉၀)ကြာမြင့်ကြောင်း၊ မြေပဲမျိုးယူလျှင် ရက်(၁၀၀)ထားရကြောင်း၊ ယခင်နှစ်က မြေပဲစျေးနှုန်းသည် အခွံဖြင့် တစ်တင်းလျင် ငွေကျပ်(၁၅၀၀၀) ပေးရကြောင်း သိရသည်။
"ကျွန်တော်တို့ ဖာပွန်မြို့မှာ ယခင်နှစ်ကဆိုရင် ယွန်းစလင်းချောင်းရေတက်လာတဲ့အတွက် သဲနုန်းတွေကျန်ခဲ့တော့ မြေပဲအထွက်နှုန်းကောင်းတယ်။ဒီနှစ်ကချောင်းရေမတက်တော့ မြေပဲတွေကလည်းသိပ်မသန်ဘူး အထွက်နှုန်း ကျဆင်းမှာကို လည်း ကျွန်တော်တို့စိုးရိမ်နေတယ်"ဟု ဒေသခံတောင်သူ ဉီးတူးကပြောကြားခဲ့သည်။
ဖာပွန်မြို့နယ်ရှိ မြေပဲစိုက်တောင်သူများအနေဖြင့် အသီး၊အပွင့်၊ရွက်ဖြန်းအားဆေးများကိုအသုံးပြု၍ ဆောင်းမြေပဲ အထွက်နှုန်း ကောင်းရေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
စိုင်းကျော်ဝဏ္ဏ