တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သင်ကြားပေးနေသည့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မုံရွာမြို့)

နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွား မြှင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှု စီးပွားဘဝမြင့်မားရေး၊ တိုးတက်ကောင်းမွန်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးပြီး ပို့ကုန်ကဏ္ဍကို မြှင့်တင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ မုံရွာမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ကျေးလက်နေ ပြည်သူများ လူနေမှုဘဝမြင့်မားရေးနှင့် ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသက်မွေးပညာဘာသာရပ်များ သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းများနှင့်ပက်သက်၍ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (မုံရွာမြို့)မှ ကျောင်းအုပ် ဒေါ်ခိုင်ခိုင်မိုး နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက် ပါသည်။

မေး။ ။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှာ ဘယ်လိုသင်တန်းတွေကို  အဓိကသင်ကြားပေးပါသလဲ။

ဖြေ။ ။ အဓိကသင်ကြားပေးလျက်ရှိတဲ့သင်တန်းတွေကတော့ ချည်မျှင်နှင့်အထည်အလိပ်  ကျွမ်းကျင်သူ (၁) နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လ သင်တန်းတို့ဖြစ်ပါတယ်။

မေး။ ။ရက်ကန်းပညာရပ်မှာ ဘယ်လိုဘာသာရပ်တွေကို စာတွေ့၊ လက်တွေ့ သင်ကြားပေးပါသလဲ။

ဖြေ။ ။ ဝါမှချည်ဖြစ်သည်အထိအဆင့်ဆင့်၊ ချည်မှ အထည်ဖြစ်သည်အထိ အဆင့်ဆင့် (လက်ချည်မျှင်ဆွဲ)၊ ချည်မျှင်ထုတ်လုပ်မှုနည်းပညာဘာသာ၊ အမျှင်ကုန်ကြမ်း၊ အဖြူချွတ်ဆိုးဆေး၊ အထည်ဒီဇိုင်း၊ လက်ရက်ကန်း၊ အထည်ခွဲစိတ်လေ့လာခြင်း၊ စက်ရက်ကန်းနည်းပညာဘာသာရပ်၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်စတဲ့ ဘာသာရပ်တွေကို စာတွေ့ ၃၀% လက်တွေ့ ၇၀% ပြည့်မီအောင် သင်ကြားပို့ချပေးပါတယ်၊၊ စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်တွေကို အဓိကအသုံးပြုပြီး အခြားလိုအပ်တဲ့ ချည်၊ ဆိုးဆေး၊ လွန်း ရက်ကန်းနှင့်ဆိုင်သည့် လက်သုံးကိရိယာအမျိုးမျိုး စသည့် သင်ထောက်ကူ ပစ္စည်းများကိုလည်း အခမဲ့အသုံးပြုစေပြီး သင်ကြားပို့ချပေးနေပါတယ်၊

မေး။ ။သင်တန်းသားအရည်အချင်းသတ်မှတ်ချက်နဲ့ ဘယ်ဒေသတွေကနေ သင်တန်းလာ တက်ကြပါသလဲ။

ဖြေ။ ။ချည်မျှင်နှင့်ကျွမ်းကျင်သူ(၁)နှစ်သင်တန်းအတွက် အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ပြီး လက်ရက်ကန်း(၆)လ သင်တန်းအတွက် အခြေခံပညာမူလတန်းအဆင့် အောင်မြင်ပြီးသူဖြစ်ပြီး အသက်(၁၈) နှစ်မှ (၂၅)နှစ်အတွင်းရှိသူ အိမ်ထောင်မရှိသူ အပျို/လူပျို တွေကို လက်ခံသင်ကြားပေးတာဖြစ်ပါတယ်။ မုံရွာမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေ၊ မုံရွာမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ မုံရွာမြို့နဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ မြို့နယ်တွေ ၊ ဟုမ္မလင်းမြို့၊ တန့်ဆည်မြို့ ၊ ဘုတလင်မြို့ ၊ ရွှေဘိုမြို့နယ်များမှ လာရောက် ပညာသင်ကြားကြပါတယ်။

မေး။ ။ရက်ကန်းပညာရပ်ဆိုင်ရာ သင်တန်းတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ် နေပါသလဲ။

ဖြေ။ ။ရည်ရွယ်ချက်ကတော့ အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်တဲ့ မျိုးဆက်သစ်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရန်နှင့် ဝင်ငွေတိုးပွားစေရန်၊ မြန်မာ့ရိုးရာရက်ကန်း အတတ်ပညာများ ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင်‌ ဆောင်ရွက်ရန်၊ နိုင်ငံပိုင်  ပုဂ္ဂလိကပိုင်၊ ကိုယ်ပိုင်စက်ရုံ အလုပ်ရုံများအတွက်ကျွမ်းကျင်သော ရက်ကန်းနှင့် အခြားအသက်မွေးအတတ်ပညာရှင်များ မွေးထုတ်ပေးရန်၊ ငယ်ရွယ်သော မြန်မာ့အမျိုး သမီးငယ်လေးများအတွက် အသက်မွေးဝမ်းကြောင်း အတတ်ပညာများ တတ်မြောက်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေမှသည် မိသားစုဝင်‌‌ငွေ တိုးပွားလာစေရန် ရည်ရွယ်ပါတယ်။

မေး။   ။ သင်တန်းကာလ ဘယ်လောက်သတ်မှတ်ပြီး သင်တန်းသားဦးရေ ဘယ်နှစ်ဦးအထိ ခွင့်ပြု ထားပါသလဲ။

ဖြေ။ ။ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်းကို နှစ်စဉ် ဇန်နဝါရီလ(၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ တစ်နှစ်တာ ဖွင့်လှစ်ပါတယ်။ သင်တန်းသား(၂၀)ဦး လက်ခံပြီး သင်ကြားပေးပါတယ်။ လက်ရက်ကန်း(၆) လသင်တန်းကိုတော့ တစ်နှစ် (၂)ကြိမ် ဖွင့်လှစ်ပါတယ်။ တစ်ကြိမ် လျှင် သင်တန်းသား (၁၀) ဦး လက်ခံပြီး သင်ကြားပေးပါတယ်။

မေး။ ။သင်တန်းတက်ရောက်ပြီးသူတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဘယ်လိုကူညီ ဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ရက်ကန်းနဲ့ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင် ရရှိစေဖို့ အပ်နှံပေးပါတယ်။ နိုင်ငံပိုင်  ပုဂ္ဂလိကပိုင် စက်ရုံ အလုပ်ရုံ ၊ ကိုယ်ပိုင်စက်ရုံ အလုပ်ရုံတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်သလို ဌာနမှသင့်လျော်တဲ့ နေရာလပ်တွေရှိတဲ့အခါမှာလည်း ဝင်ရောက် လုပ်ကိုင်နိုင် အောင် ကူညီဆောင်ရွက်ပေးပါတယ်။

မေး။ ။ သင်တန်းကြေးနဲ့ သင်တန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဘယ်လို ဆောင်ရွက်ပေးပါသလဲ။

ဖြေ။ ။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှဖွင့်လှစ်တဲ့ သင်တန်းအားလုံးအတွက် အခကြေးငွေ ကောက်ခံခြင်း၊ ပေးသွင်းရခြင်းမရှိဘဲ  သင်တန်းကြေးအခမဲ့ ဖြစ်ပြီးလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို နိုင်ငံတော်မှ ကျခံသုံးစွဲတာ ဖြစ်ပါတယ်။ သင်တန်းသား/သူများ ကောင်းစွာ ပညာသင်ယူနိုင်ဖို့အတွက် စားရိပ်သာမှာ ထမင်းချက် တစ်ဦး၊ တာဝန်ကျ ဆရာ/မ တစ်ဦးနဲ့ သင်တန်းသား/သူ လေးဦးစီ ပါဝင်တဲ့အဖွဲ့ ဖွဲ့ထားပြီး စားသောက်ရေးအဆင်ပြေစေဖို့ စီစဉ်ဆောင် ရွက်ပေးထားပါတယ်။ သင်တန်းသားများ သင်တန်းတက်ရောက်နေစဉ် သင်တန်းသားတစ်ဦးကို နိုင်ငံတော်မှ (၁)လလျှင် ကျပ်(၃၀၀၀၀/-)တိတိကို လစဉ်ထောက်ပံ့ပေးပြီး နေထိုင်ဖို့အတွက် ရေ၊ မီး၊ ကုတင်၊ မွေ့ယာ၊ စာကြည့်စားပွဲ၊ သေတ္တာ ၊ Wifi တပ်ဆင်ပေးထားပြီး အဆောင်အခမဲ့ နေထိုင်ခွင့်အပြင် စောင်၊ ခြင်ထောင်၊ ခေါင်းအုန်းများကိုလည်း အခမဲ့ ပေးအပ်ထားပါတယ်။

မေး။ ။သင်တန်းတက်ရောက်ပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုလျှင် ဘယ်လိုကူညီပေးပါသလဲ။

ဖြေ။ ။တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများထူထောင်နို်ငဖို့အတွက် လုပ်ငန်းသုံးပစ္စည်းတွေ လက်သုံးကိရိယာတွေကို အခါအားလျော်စွာ ထောက်ပံ့ပေးပါတယ်။ လိုအပ်တဲ့အရင်းအနှီး၊ ပစ္စည်းကိရိယာတွေ ရရှိအောင်လည်း ဌာနအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်။

စဉ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်နိုင်ဖို့အတွက် ဈေးကွက်ချိတ်ဆက်ပေးပါတယ်၊ ဈေးကွက် ချိတ်ဆက်ပေးတဲ့နေရာမှာ ဌာနကကျင်းပပြုလုပ်တဲ့ အသေးစားထုတ်ကုန်ပစ္စည်းပြပွဲ၊ ပြိုင်ပွဲတွေမှာ ပါဝင်ပြသရောင်းချခွင့် ပြုပါတယ်၊ ဆက်စပ်ဌာနအဖွဲ့အစည်းတွေနဲ့ ပြပွဲပြိုင်ပွဲတွေ ကျင်းပရာမှာ လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်။ ထုတ်ကုန်ပစ္စည်းတွေကို တရားဝင်ရောင်းချနိုင်ဖို့ ဌာနအနေနဲ့ အရည်အသွေးစစ်ဆေးပြီး မှတ်ပုံတင်ပြုလုပ်ပေပါတယ်။

မေး။ ။ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းအနေနဲ့ အသေစားထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် ‌ကျေးလက်နေမိသားစုများ ဝင်‌ငွေတိုးရေး ဆောင်ရွက်ချက်များရှိရင် ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်ကစပြီး အသေးစားထုတ်ကုန်တွေ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုတွေ ဝင်ငွေတိုးရေး စီမံကိန်းကို နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှာရှိတဲ့ ကျေးရွာပေါင်း (၁၅၅) ရွာမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းအမျိုးအစားအနေနဲ့ (၇)မျိုး ရှိပါတယ်။ ‌(၁) ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဆောင်ရွက်ပေးမည့်လုပ်ငန်း (၂) ခေတ်မီစံပြ ကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်ပေးမည့် လုပ်ငန်း  (၃) လူငယ်များ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း (၄) အသေးစား အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း (၅) အမျိုးသမီး များဝင်‌ငွေ တိုးရေးဆောင်ရွက်မည့်လုပ်ငန်း (၆) ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း (၇) ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစား ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါတယ်။ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုံရွာ) အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်ရုံးများနှင့် တိုင်းဒေသကြီးရုံးများမှ အထက်ပါလုပ်ငန်းများ အတွက် ရက်ကန်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ၊ စက်ချုပ်လုပ်ငန်းများအား ရက်ကန်းကျောင်းမှ နည်းပြများ ဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါတယ်။ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (မုံရွာမြို့)အနေဖြင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝမြှင့်မားရေးနှင့် ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရည်ရွယ်၍ အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ခဲ့တဲ့ မျိုးဆက်သစ်လူငယ်များအား အခကြေးငွေ ကောက်ခံခြင်း၊ ပေးသွင်းရခြင်း မရှိသည့် အဖိုးတန်သော အခမဲ့သင်တန်းများ ဖွင့်လှစ်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက် ရှိပါတယ်။

တွေ့ဆုံမေးမြန်း-ဦးမြင့်နိုင်စိုး
ဓာတ်ပုံ- (မုံရွာခရိုင်ပြန်/ဆက်)