ဒိုက်ဦး နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန် ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်လွင်လွင်ဦးက အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများတိုးပွားလာစေပြီး စဉ်းစားတွေးခေါ်မှုတိုးတက်မြင့်မားလာစေကြောင်း၊ ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့်စကားတိုင်း လူငယ်များပြောရဲဆိုရဲသည့် သတ္တိများရရှိလာမည့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ဆွေသက်အောင်မှလူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်းစတင်ခဲ့ရာ ခေါင်းဆောင်ဆွေးနွေးသူအဖြစ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ ဒိုက်ဦးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိဦးနေလင်းဦးနှင့် Grade(7)၊ Grade(8)၊ Grade(11)တို့မှ ကျောင်းသူ(၅)ဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဆိုရှယ်မီဒီယာအစရှိသည့် ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ အ.ထ.ကကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)