တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို (၃၄)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့ ၊ အခမ်းအနားသို့ တက်ရောက်

ထားဝယ် နိုဝင်ဘာ ၂၀

အခွင့်အရေးအားလုံးရရှိရေး ကလေးသူငယ်တိုင်းအတွက် ဖော်ဆောင်ပေးဟူသည့် ဆောင်ပုဒ်နှင့်အညီ (၃၄) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့၊  အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အဖြစ် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်မှာ ပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှု အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကလေးသူငယ်တိုင်း ရရှိစေရန် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကိုလည်းကောင်း၊ ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကိုလည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ်အရေးကိစ္စဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက (၂၇.၈.၂၀၂၁) ရက်နေ့တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေးထား ဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ပြီဖြစ်ကြောင်း၊ ကလေး သူငယ်များ၏ မွေးရာပါ အခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် Video Clip အားလည်းကောင်း၊ မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက တောင်ယာဝင်ချိန်၊ ပြည်ထောင်စုရဲ့ထာဝရ၊ ကောက်စိုက်ချိန် တေးသီချင်းများဖြင့်လည်းကောင်း၊ ကိုယ်စီစွမ်းအားနှင့် ကူညီတတ်သော ရှဉ့်ညိုလေးပုံပြင်များနှင့် သီတင်းကျွတ်လ ကဗျာများ၏ သီဆိုဖျော်ဖြေနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)