ကျောက်တံခါး အောက်တိုဘာ ၂၃
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ (FQ)များမှ ပြည်ပပြန်၊ ရန်ကုန်ပြန်နှင့် ထိတွေ့သူ စုစုပေါင်း(၉၃)ဦး တို့အား Swab ရယူ၍ ဓါတ်ခွဲစစ်ဆေးခဲ့ရာ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရန်ကုန်ပြန် (၃၆)ဦးတွင် ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့ကြောင်း ယနေ့နံနက်၉နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ စုစုပေါင်း ပိုးတွေ့လူနာ(၁၃၉)ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၅၈)ဦး ဖြစ်သည်။
လက်ရှိတွင်မြို့နယ် အတွင်းရှိ တိုက်နယ်ဆေးရုံ အသီးသီး၌ ဆေးကုသမှု ခံယူနေသူပေါင်း (၈၁)ဦး ရှိကြောင်းသိရသည်။ ကျောက်တံခါးမြို့နယ်အတွင်းမှ ပိုးတွေ့လူနာများမှာ တောကျွဲအင်း(ခ) အောင်မြင်မြို့မှ (၁၀)ဦး၊ ဖဒိုဒေသမှ (၈)ဦး၊ ပဲနွယ်ကုန်းမှ(၁၄)ဦး၊ ကျောက်တံခါးမှ(၄)ဦး၊ စုစုပေါင်း(၃၆)ဦး ပိုးတွေ့ရှိခဲ့၍ ပိုးတွေ့လူနာများအား ယာယီဆေးခန်း ဖွင့်လှစ်ထားသည့်၊ အထက(ကျောက်တံခါး) ဆေးကုသရေး စင်တာနှင့် အောင်မြင်တိုက်နယ် ဆေးရုံ၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံ၊ ဖဒိုတိုက်နယ်ဆေးရုံ သီးသန့်ဆောင်များတွင် အသီးသီးထားရှိကာ ကျန်းမာရေးဝန်ထမ်းများမှ ဆေးကုသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ ပိုးတွေ့လူနာများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပရဟိတလူမှုရေး အသင်းအဖွဲ့များ၊ ကျောက်တံခါးမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပူးပေါင်း ကော်မတီအဖွဲ့များက မော်တော်ယာဉ်များဖြင့် တိုက်နယ်ဆေးရုံ အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)