ရှမ်းရွာသစ် နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ မိုးနှောင်းကာလတွင် တောင်သူများအတွက် စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်သော နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
နှမ်းသီးနှံစိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုးအနေဖြင့် (၂)ပြည်ခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး(၂၅)ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွပေးခြင်းနှင့် နှမ်းသားခွဲခြင်း လုပ်ငန်းများနှင့် မြေဩဇာကျွေးခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ နှမ်းတစ်ဧကတွင် အပင် အပြုအစု၊ ရာသီဉတုနှင့် မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကတွင် (၁၄)တင်းမှ (၂၀)တင်းထွက်ရှိကြောင်း၊ မိုးနှောင်းနှမ်း စိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ စိုက်ပျိုးနိုင်သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် ပက်ကြဲသည့်စနစ်ထက် ပေါင်စနစ်ဖြင့် တန်းချ စိုက်ပျိုးသည့်စနစ်သည် ကုန်ကျစရိတ် သက်သာကြောင်း၊ နှမ်းစိုက်ပျိုးခြင်းသည် တောင်သူဦးကြီးများအတွက် စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် ဒေသအတွက်လိုအပ်လျက်ရှိသာ စားသုံးဆီဖူလုံရေးအတွက် နှမ်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း၊ ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ် (၈၀၀၀၀)ခန့် ရှိသောကြောင့် အပိုဝင်ငွေရရှိကြောင်း နှမ်းစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိရာ ဒေသနေပြည်သူများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့်အပြင် ၎င်းလုပ်ငန်းများနှင့် တွဲဖက်၍ နှမ်းစိုက်ပျိုးခြင်း၊ မြေပဲ စိုက်ပျိုးခြင်း၊ ကြံစိုက်ပျိုးခြင်း လုပ်ငန်းများကိုလည်း တပိုင်တနိုင်လုပ်ကိုင်ကြကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)