မင်းဘူးမြို့တွင် ပိုးတွေ့လူနာ (၇) ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

မင်းဘူး အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာ (၇) ဦး ကျန်းမာရေးကောင်မွန်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

ဆေးရုံဆင်းခွင့်ရရှိသူ(၇)ဦးသည် ထိုင်းပြန်တစ်ဦး အပါအဝင် အမ်း၊ ထားဝယ်၊ ဟားခါး၊ ပုသိမ်နှင့် ပဲခူးတို့မှ သက်ဆိုင်ရာ Quarantine Centre များသို့ အောက်တိုဘာ (၇) ရက်နေ့နှင့် (၈) ရက်နေ့တို့တွင် ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နေ့က ဓါတ်ခွဲနမူနာ ရယူကာ ရန်ကုန်(NHL)သို့ ပေးပို့စစ်ဆေးခဲ့ရာမှ  ပိုးတွေ့ရှိသူများဖြစ်သည်။

ဆေးရုံဆင်းခွင့် ရရှိသူများအားလုံး သတ်မှတ်ရက်ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း၊ လူမှု ကူညီရေးအသင်းများမှ မော်တော်ယာဉ်များဖြင့် နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ  Home Quarantine (၇) ရက် ဆက်လက်နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့တွင် ပိုးတွေ့အတည်ပြုလူနာ (၂၃)ဦးတွေ့ရှိခဲ့ပြီး ယနေ့ဆေးရုံဆင်းခွင့်ရရှိသူ (၇)ဦး အပါအဝင် ဆေးရုံဆင်းခွင့်ရရှိသူ (၁၄) ဦး ရှိကြောင်း၊ လက်ရှိဆေးရုံကြီးတွင် တက်ရောက်ဆဲ လူနာ (၉)ဦး ကျန်ရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ တင့်ခိုင် ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)