ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ပုသိမ် နိုဝင်ဘာ ၁၉

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအမျိုးသမီးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပိုက်ကျော်ခြင်းပြိုင်ပွဲသည် တိုင်းဒေသကြီးအတွက် အားထားရသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်ပြိုင်သည့်အခါများတွင်လည်း ဆုတံဆိပ်နှင့်ဆုဖလားများရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်း တိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းအနေဖြင့် အောင်နိုင်ရေးအတွက် ကြိုတင်၍စုဖွဲ့လေ့ကျင့်ခြင်း၊ လူရွေးချယ်ခြင်းများပြုလုပ်ခဲ့ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရန် အောင်စိတ်မွေးကာ ယှဉ်ပြိုင်ကြရန်၊ ရာသီဥတုအပြောင်းအလဲကြောင့် ကျန်းမာရေးကိုအထူးဂရုစိုက်၍ ညီညွတ်မျှတသည့် အစားအသောက်များစားသောက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့အသင်း အောင်မြင်မှုရရှိစေရန်အတွက် နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပိုက်ကျော်ခြင်းအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလပ်သည့် ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား/ အမျိုးသမီး ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဧရာ(က)အသင်းနှင့် ရွှေဧရာ(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအားလည်းကောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုလက်ရွေးစင်အသင်း၏ အမျိုးသားလေးယောက်တွဲ သရုပ်ပြကစားမှုအားလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဧရာ(က)အသင်းနှင့် ရွှေဧရာ(ခ)အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုအားလည်းကောင်းကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ပြုလုပ်ရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရွှေဧရာ(ခ)အသင်းမှ အားကစားသမားအား ငွေသားဆုကို တိုင်းရင်းသားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရွှေဧရာ(ခ)အသင်းမှ အားကစားသမားများအား ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာ(က) အသင်းမှ အားကစားသမားအား ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေဧရာ(က)အသင်းမှ အားကစားသမားများအား ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်ယောက်တွဲအမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲတို့တွင် ပထမဆုရရှိသည့် ရွှေဧရာ(က)အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့အား ဆုဖလားများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)