ဘားအံ နိုဝင်ဘာ ၁၉
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၃၉ ဧက စိုက်ပျိုးထားပြီး ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၃၃၂၁ ကွက်ရိတ်သိမ်းသွားမည်ဖြစ်ရာ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ ကျေးရွာ၊ ဦးပိုင်အမှတ်(၄၇/၂)၊ မြေကွက်အမှတ် (၂၂၇၉/၂၂၈၀)၊ တောင်သူဦးရာမူး၏ ဆင်းသုခ(၁၇ ဒဿမ ၅၀)ဧက စိုက်ခင်း၌ ကရင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ စံကွက်ရိတ်သိမ်းပွဲကို ကျင်းပခဲ့သည်။
စံကွက်ရိတ်သိမ်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံတော်အနေဖြင့် တစ်ဖက်တွင်သီးနှံ အထွက်နှုန်းမြင့်မားရေးကို ပန်းတိုင်အထွက်နှုန်းများသတ်မှတ်ပြီး တွန်းအားပေးဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း သီးနှံများတိုးတက်စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးရေး၊ စိုက်ပျိုးရေရရှိရေး၊ သီးထပ်သီးညှပ်တိုးမြှင့် စိုက်ပျိုးရေးတို့ကို တောင်သူလယ်သမားများ ဆောင်ရွက် နိုင်ရန်အတွက် ကူညီခြင်း၊ ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံအထွက်နှုန်း တိုင်းတာရာတွင် စပါးအပါအဝင်အရေးကြီးသီးနှံများကို စံကွက်ရိတ်သိမ်းခြင်း၊ တောင်သူအထွက်နှုန်း စုံစမ်းခြင်းတို့ဖြင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ အဓိကတာဝန်တစ်ရပ်အနေဖြင့် နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုယ်စားပြုအထွက်နှုန်း၊ အထွက်တင်းတို့ကိုပြုစု၍ မြို့နယ်လူဦးရေ၏ စားရေရိက္ခာဖူလုံမှုရှိ/မရှိ သိရှိနိုင်မည်ဖြစ်ကြောင်း၊တောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများအပါအဝင် တာဝန်ရှိသူအားလုံးနှင့် ပြည်သူတစ်ရပ်လုံး စိုက်ပျိုးရေး ကဏ္ဍမြင့်မား လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားပြီး စားရေရိက္ခာဖူလုံကာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မိုးအောင်က စံကွက်ရိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ် ဦးစီးမှူးနော်သူးလေထီးက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် တစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိရေးအတွက် ထီလုံကျေးရွာရှိ စိုက်ပျိုးပြီး မိုးစပါးဧက ၁၈၃၉ ဧကအနက် ကိုယ်စားအလွှာ(ကောင်း)ကို ကိုယ်စားပြုသော ဆင်းသုခမျိုးမိုးစပါးစိုက်ခင်းအား (၆ ဒဿမ ၆ ပေ x ၆ ဒဿမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒဿမ ၀၀၁ ဧက စံကွက်သုံးကွက်အား လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တောင်သူများက မိုးစပါးစံကွက်ရိတ်သိမ်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူလယ်သမားများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါစံကွက်ရိတ်သိမ်းပွဲတွင် အစိုတစ်ဧက အထွက်နှုန်း ၁၂၅ တင်း ထွက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးနှင့်ထီလုံလမ်းဆုံတွင် ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၅ သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော ထီလုံကျေးရွာမှကြိုဆိုပါ၏ စာတမ်းပါ ကျေးရွာအဝင်ဆိုင်းဘုတ်တည်ဆောက်ခြင်းနှင့် မြေယာရှုခင်း အလှပြုလုပ်ခြင်း၊ ထီလုံကျေးရွာ(၂)ထပ်ဈေး အတွင်း အသား၊ငါးနှင့်အခြေခံစားသောက်ကုန် အမျိုးမျိုး၊ လူသုံးကုန်အမျိုးမျိုးတို့အား ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ် ဆင်ခြင်း သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ဘားအံ)၌ကျင်းပရာ ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်စေရေး အတွက် မိသားစုတွင်းရှိကလေးသူငယ်များ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက်နေထိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများ ကိုသေချာစွာလေ့လာအသုံးချ၍ မိမိဘဝတိုးတက်အောင်မြင်နိုင်ရေးအတွက် စနစ်တကျသင်ယူလေ့လာ၍ အောင်မြင်မှုပန်းတိုင်သို့ရောက်ရှိအောင် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိမိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပို့ချချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များနှင့် သင်တန်းသား၊သင်တန်းသူများသည် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေစကားများပြောကြားခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့တော်အင်္ဂါရပ်များနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် Green City , Clean City ဖြစ်စေရေး ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့်ဘုရားစေတီများ၊ အခြေခံပညာကျောင်းများနှင့် ဘိုးဘွားရိပ်သာတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၀၀ ဦးခန့်က ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၊ သေဋ္ဌမာရ်အောင်ဘုရားကြီး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စင်္ကြာလင်းအေး စေတီတော်နှင့် ဘားအံမြို့ဇွဲကပင်ဘိုးဘွားရိပ်သာတို့တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တူးဖော်ရှင်းလင်းခြင်းတို့ကို ယာဉ်၊ ယန္တရားများ အသုံးပြု၍ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင် ဆွေထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ် ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)