မေတ္တာမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို လူငယ်‌ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲများပြုလုပ်

မေတ္တာ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး (တာဝန်ပေး)ဒေါ်အေးအေးချိုက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ကျောင်းသား လူငယ်များအနေဖြင့် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ကိုသိရှိစေရန်နှင့် အမြဲအမှတ်ရနေစေရန်၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်ပြီး မိမိလူမျိုး၊ မိမိယဉ်‌ကျေးမှုများကို‌ လေးစားတန်ဖိုးထားကြစေရန်၊ မိမိနိုင်ငံကိုချစ်မြတ်နိုးသည့် စိတ်ဓာတ်များ‌မွေးမြူကြစေရန်၊ ရိုးရာယဉ်‌ကျေးမှု အမွေအနှစ်များနှင့် မိမိတို့ လူမျိုးဘာသာသာသနာ အဓွန့်ရှည် တည်တံ့စေရန်မှာလည်း လူငယ်များအ‌နေဖြင့် ထားဝစဉ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမျိုးသားနေ့ တို့မမေ့အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ခင်းကျင်းပြသပေးခဲ့ရာ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းသား/သူ(၁၇)ဦးက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးချို(မေတ္တာပြန်/ဆက်)