ရေကြည် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် အိတ်ခ်ျပီဗီ(HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း မြို့နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားနှင့် ထိုးနှံပေးခြင်းမပြုမီ၊ အခမ်းအနားသို့ တက်ရောက် လာသူများအားလုံးက zoom meeting ဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးတို့၏ မိန့်ခွန်းအမှာစကားများ နာယူမှတ်သားခြင်း၊ ကာကွယ်ဆေးထိုး သရုပ်ပြသခြင်းအား ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်က HPV ကာကွယ်ဆေးထိုးနှံပေးရခြင်းအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ်များ ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့် တာ၀န်ရှိသူများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ပြုလုပ်ခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါအား တစ်သက်တာ ကာကွယ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး အောင်ကံညွှန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်ဇင်ဦး၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်သူဟန် (ပြန်/ဆက်)