တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် “စိုးအောင်အောင်” မုန့်တိုက်လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားမြင့်မားစေရေးနှင့်   ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရန်” ရည်ရွယ်၍ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုကာ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြင့်   အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်း (MSME) များကို  အားပေးကူညီပြီး  အလုပ်အကိုင်အခွင့်အလမ်းများကို အဓိကထား ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါသည်။  ယင်းသို့  အကောင်အထည်ဖော်  ဆောင်ရွက်ပေးရာတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဓိဋ္ဌာန်အောင်ဘုရားလမ်းတွင်တည်ရှိသည့် “စိုးအောင်အောင်” ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေကို  ပြည်သူများ သိရှိစေရန်  မုန့်တိုက်လုပ်ငန်းပိုင်ရှင် မနီနီဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို  တင်ပြလိုက်ပါသည်။

မေး။ “စိုးအောင်အောင်”  မုန့်တိုက်လုပ်ငန်း  စတင်တည်ထောင်ဖြစ်ပုံကို  သိပါရစေရှင်။

ဖြေ။ “စိုးအောင်အောင်” ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းကို ၂၀၀၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။

မေး။ မုန့်တိုက်လုပ်ငန်းကို မိဘတွေကစပြီး လက်ဆင့်ကမ်းတည်ထောင်ခဲ့တာလား  သိချင်ပါတယ်ရှင်။

ဖြေ။ ဟုတ်ကဲ့ပါ။ ဒီမုန့်တိုက်လုပ်ငန်းကိုတော့  မိဘတွေ  စတင်တည်ထောင်ခဲ့တာဖြစ်ပြီး  သားသမီးတွေက ဆက်လက်လုပ်ကိုင်ပါတယ်။

မေး။ မုန့်တိုက်အနေနဲ့စားသုံးသူအတွက် ဈေးကွက်မှာဝယ်ယူရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ အမျိုးအစား၊ အရေအတွက် သိပါရစေရှင်။

ဖြေ။ပေါင်မုန့်၊ ကိတ်မုန့်  ထုတ်လုပ်မှုအနေနဲ့ အမျိုးအစားအားဖြင့် ၁၂ မျိုး  ထုတ်လုပ်ပါတယ်။ ကိတ်မုန့် အမျိုးအစားမှာ  ကြက်ဥကိတ်မုန့်နှင့် ချောကလက်အရသာကိတ်မုန့်   ထုတ်လုပ်ပါတယ်၊    ပေါင်မုန့် အမျိုးအစားကတော့ ပလိန်းပေါင်းမုန့်၊ နို့ပေါင်မုန့်၊ ချောကလက် အစာသွပ်ပေါင်မုန့်၊ စတော်ဘယ်ရီ၊  နာနတ်သီးအရသာ  ထုတ်လုပ်တာရှိပါတယ်။  ဒါ့အပြင် မုန့်ကြွပ်ခြောက်၊ ကိတ်မုန့်ခြောက်  ထုတ်လုပ်ပြီး ဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချပေးပါတယ်။

မေး။   မုန့်တိုက်မှ တစ်နေ့ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ သိချင်ပါတယ်ရှင်။

ဖြေ။    “စိုးအောင်အောင်”  ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်း  ထုတ်လုပ်မှု  ပမာဏကတော့ များပါတယ်၊  အဓိကအားဖြင့်   အလှူမင်္ဂလာ၊  မွေးနေ့အလှူ အတွက် အော်ဒါလက်ခံ  ဆောင်ရွက်ပေးပါတယ်။   ဖြန့်ဖြူးမှု အနေနဲ့ မြဝတီမြို့တွင်း စားသောက်ကုန်ဆိုင်တွေ အများဆုံး  လက်လီ လက်ကားဈေးနှုန်းရောင်းချပေးပါတယ်။

မေး။  မုန့်တိုက်လုပ်ငန်းလည်ပတ်မှုအတွက် ဝန်ထမ်းဦးရေဘယ်လောက်ရှိပါသလဲ။ ဝန်ထမ်းတွေရဲ့ နေထိုင်မှု ဘယ်လိုစီစဉ် ဆောင်ရွက်ပေးပါသလဲ သိချင်ပါတယ်ရှင်။

ဖြေ။ မုန့်တိုက်လုပ်ငန်းမှာတော့ ဝန်ထမ်းဦးရေ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀ ဦးရှိပါတယ်။ ဝန်ထမ်းတွေရဲ့ နေထိုင်မှုအတွက် အဆောင်စီစဉ်ပေးထားပါတယ်။

မေး။   အလုပ်သမားတွေရဲ့  အခြေခံလစာနဲ့ အမြင့်ဆုံးလစာ သတ်မှတ်ချက် ဘယ်လိုဆောင်ရွက်ပေးပါသလဲ။ လာရောက်လုပ်ကိုင်သူတွေက မြဝတီဒေသခံအပြင်  အခြားဒေသမှ လာရောက်လုပ်ကိုင် သူတွေရော ရှိပါသလား။

ဖြေ။  အလုပ်သမားတွေရဲ့ အခြေခံလစာ ကျပ်နှစ်သိန်း၊ တစ်သောင်း သတ်မှတ်ထားပါတယ်။  သီးသန့်မုန့်ဖိုး ထပ်ဆောင်းပေးတာလည်းရှိပါတယ်။ မုန့်တိုက်မှာ လုပ်ကိုင်သူအများစုကတော့  ပဲခူးတိုင်းဒေသကြီးမှ လာရောက်လုပ်ကိုင်သူ  များပါတယ်။  ကျွန်မအနေနဲ့  လာရောက်လုပ်ကိုင်တဲ့သူတွေအတွက် ပညာလည်းရ၊ ဝင်ငွေလည်းရတဲ့ Cash for Work မှသာလျှင်  ဝန်ထမ်းတွေ  အဆင်ပြေမှာပါ၊   ကျန်းမာရေးအနေနဲ့ကတော့  နယ်ဝေးလာရောက်သူအတွက်  အစစအရာ ဂရုစိုက်ပေးရပါတယ်။

မေး။   စားသုံးသူ  (Consumer) အတွက်  မုန့်တိုက်အနေနဲ့  ဘယ်လိုနည်းလမ်း အကောင်းဆုံး   ဝန်ဆောင်မှု ပေးပါလဲ။  နောက်တချက်အနေနဲ့  ကျန်းမာရေးအသိအမှတ်ပြု   ထောက်ခံချက် ရရှိထားပါသလား သိချင်ပါတယ်ရှင်။

ဖြေ။    စားသုံးတဲ့ပြည်သူတွေအတွက် ကျန်းမာရေးအညီ အာဟာရ ပြည့်ဝ အရသာရှိပြီး  သန့်ရှင်းလတ်ဆတ်ဖို့ အဓိကထားပါတယ်။ ထုတ်လုပ်ရက်၊  ကုန်ဆုံးရက်ကိုလည်း   သတ်မှတ် ဖော်ပြပေးထားပါတယ်။  ကျန်းမာရေး  အသိအမှတ်ပြု ထောက်ခံချက် ရရှိထားပါတယ်။

မေး။   မုန့်တိုက်အနေနဲ့နေ့စဉ်ထွက်ရှိတဲ့ ပေါင်မုန့်၊ကိတ်မုန့် ထုတ်လုပ်မှုပုံစံအဆင့်ဆင့် ပြည်သူတွေ သိရှိစေဖို့ မျှဝေပေးစေချင်ပါတယ်ရှင်။

ဖြေ။    ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်ဖို့အတွက် ဂျူံကို အဓိကထားဆောင်ရွက်ရတာ ဖြစ်ပါတယ်။  အရင်ဆုံး ကိတ်မုန့်ဆောင်ရွက်တဲ့နေရာမှာ  ပထမအဆင့်မှာ ဂျုံကို မွေစက်ကြိတ်ရပါတယ်။   နောက်ပြီး   ပါဝင်ပစ္စည်းတွေနဲ့ အချိုးအစားအတိုင်း  ပြုလုပ်ပြီး  ပုံစံခွက်ထဲ ထည့်၍  အသုံးပြုကာ  Gas  Oven ဖြင့် အပေါ်မီး၊ အောက်မီး  အပူချိန်အတိုင်းအဆဖြင့်  ၄၅  မိနစ်ကြာ ဆောင်ရွက်ရပါတယ်။

မေး။  အခုဆိုရင်ဈေးကွက်ထဲမှာ မုန့်တိုက်လုပ်ငန်းတွေ နာမည်များစွာ ရပ်တည်နေကြတာ တွေ့ရပါတယ်။ အဲဒီအပေါ်မှာ“စိုးအောင်အောင်” မုန့်တိုက်ဆိုင်ခွဲတွေအနေနဲ့ ထုတ်လုပ်ဖြန့်ဖြူးမှု တိုးမြှင့်ဆောင်ရွက်ဖို့ ရှိပါသလား၊ လက်လီ၊ လက်ကားရောင်းချပေးတဲ့ ပေါင်မုန့်၊ ကိတ်မုန့် ဈေးနှုန်းသိချင်ပါတယ်ရှင်။

ဖြေ။   လက်ရှိအနေအထား လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့  အစီအစဉ် မရှိသေးပါဘူး။ ထုတ်လုပ်ဖြန့်ဖြူး ရရှိမှုအပေါ်မှာ မူတည်ပြီး တိုးချဲ့သွားဖို့ ရှိပါတယ်။ နို့ပေါင်မုန့် တစ်ထုပ် ၁၃၀၀ ကျပ်၊ ကိတ်မုန့်အကြီး ၂၀၀၀ ကျပ် ရောင်းချပေးပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့် အထုပ်သေးတွေကတော့ ဈေးနှုန်းအစားစားရှိပါတယ်။

မေး။   နိုင်ငံတော်က  အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်း  (MSME)  တစ်ပိုင် တစ်နိုင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက် ပေးလျက်ရှိသလို မိမိဒေသခံပြည်သူတွေ လူမှုစီးပွားဘဝ မြင့်မားဖို့အတွက် ဆောင်ရွက်ပေးဖို့ အစီအစဉ်နှင့် ခွန်အားဖြစ်စေမယ့် အားပေးစကား သိချင်ပါတယ်ရှင်။

ဖြေ။ ကျွန်မကတော့ လူငယ်တွေအနေနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ အလုပ်ပေါ်မှာ စေတနာထား လုပ်ကိုင်ဆောင်ရွက်လျှင် စေတနာအကျိုး ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။ ခွန်အား ဖြစ်စေမယ့်  အားပေးစကားအနေနဲ့ကတော့  မည့်သည့်လုပ်ငန်းမှာမဆို  လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ အားလုံး  ကြိုးစားအားထုတ်လုပ်ကိုင်လျှင်   အလုပ်လက်မဲ့သူ  မရှိနိုင်ပါဘူး၊  မိသားစုဝင်ငွေ  တစ်ဖက်တစ်လမ်းမှ ကူညီနိုင်မှာ ဖြစ်ပါတယ်။ စားဝတ်နေရေး အဆင်ပြေလာလျှင် လူမှုစီးပွားဘဝ လှပသာယာလာမှာ ဖြစ်ပါတယ်ရှင်။

နိုင်ငံတော်မှ  ပြည်သူလူထု၏    အလုပ်အကိုင်   အခွင့်အလမ်းများ၊    လူမှုစီးပွားဘဝ  မြှင့်တင်နိုင်ရန် စီးပွားရေးကဏ္ဍဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးခြင်းသည် တစ်ဦးချင်း ဝင်ငွေ မြင့်မားတိုးတက်အောင် အဘက်ဘက်မှ ဆောင်ရွက်ပေးသကဲ့သို့ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလအထိ မှတ်ပုံတင်ပြီး  အငယ်စား စီးပွားရေးလုပ်ငန်း ၁၂၉ ခုနှင့် အလတ်စား စီးပွားရေး လုပ်ငန်း ၁၆ ခု စုစုပေါင်း ၁၄၅ ခုရှိကြောင်း ခရိုင် စက်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးဝင်းထွန်းထံမှ သိရသည်။

ဒေါ်မာမာရီ (ပြန်/ဆက်)