ကျောင်းကုန်း အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယစ်မျိုးဆိုင်ရာကိစ္စရပ်များရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ယစ်မျိုးလုပ်ငန်း စီစစ်ကြီးကြပ်ရေးအဖွဲ့ Task Force အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကျောင်းကုန်းတစ်မြို့နယ်လုံးတွင် ယစ်မျိုးလိုင်စင်(၁၆၈)ခု ရှိကြောင်း၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချစေလိုကြောင်း၊ ယခုအချိန်ကာလသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများ နှင့်အညီ ရောင်းချကြ စေလိုကြောင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ က ခိုး၊ ဆိုး၊ လုယက်နှင့် လူသတ်မှုများ၏ အဓိကတရားခံမှာ အရက်သေစာ သောက်စားခြင်းကြောင့် ဖြစ်ကြောင်း၊ လိုင်စင်မဲ့အရက် ဆိုင်များကိုလည်း ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးမှူး ဦးကျော်စွာဝင်းက အခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ မရှင်းလင်းသည့် အချက်များရှိပါက မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ယစ်မျိုးလိုင်စင်ကတ်အသစ်များ လာရောက် ထုတ်ယူလျှင် ကတ်ပြားဟောင်း ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် လိုင်စင် စည်းကမ်းချက်များ နှင့်အညီသာ ရောင်းချကြဖို့ မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)