ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ ဘားအံပညာ့ရိပ်သာ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ်အခြေခံပညာကျောင်းသား အားကစားပွဲတော်ကျင်းပ

ဘားအံ နိုဝင်ဘာ ၁၈

ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေရှိ ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာ့ရိပ်သာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေရှိ အဆိုပါရိပ်သာ Community Centre ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ၏အနာဂတ်အတွက် အလွန်အရေးကြီသည့် ပညာရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများကို နိုင်ငံတော်အစိုးရမှ အလေးအနက်ထားပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်နေပြီး ကောင်းမွန်စွာနေထိုင်နိုင်ရေး အဆင့်မြင့်အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဘားအံပညာ့ရိပ်သာအိမ်ရာဝန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အဆင့်မြင့်တိုက်ခန်းများတွင် ပရိဘောဂအပြည့်အစုံဖြင့် ဆရာ၊ ဆရာမများအဆင် ပြေပြေနေထိုင်နိုင်မည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ စံနမူနာပြဆရာ၊ ဆရာမများဘဝကိုခံယူ၍ အနာဂတ်အတွက်လှပြီးမွှေးသည့် ပန်းကလေးပေါင်းများစွာကို မွေးထုတ်ပေးနိုင်သည့် ဥယျာဉ်မှူးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံပညာ့ရိပ်သာအိမ်ရာဝန်းစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Myanmar Imperial Vega Company Ltd မှ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ထံ အိမ်ရာသာယာရေးမတည်ငွေကျပ် (၂၀၀)သိန်းကို ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ပညာရေးဝန်ကြီးဌာန ဘားအံပညာ့ရိပ်သာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံပညာ့ရိပ်သာဖွင့်ပွဲအထိမ်းအမှတ်ကံ့ကော်ပင်ကို စိုက်ပျိုးပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံပညာ့ရိပ်သာအိမ်ရာဝန်းအတွင်း အိပ်ခန်းတစ်ခန်းပါ အခန်းပေါင်း (၃၂) ခန်းပါဝင်သော (၄) ထပ်တိုက်တစ်လုံး၊ အိပ်ခန်း (၂) ခန်းပါ အခန်းပေါင်း (၃၂) ခန်းပါဝင်သည့် (၄) ထပ်တိုက်(၃) လုံး၊ အိပ်ခန်း (၃) ခန်းပါ အခန်းပေါင်း (၃၂) ခန်းပါဝင်သည့် (၄) ထပ်တိုက်တစ်လုံး စုစုပေါင်း အိမ်ခန်းပေါင်း (၁၆၀)၊ ရေ၊ မီး၊ မိလ္လာနှင့် အရေးပေါ်မီးငြိမ်းသတ်ရေးစနစ်များ၊ Gym ခန်းမနှင့် Community Centre ခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်အဝင်လမ်းအား တစ်ဖက်လျှင် ၁၂ ပေ အကျယ် လမ်းလယ်ကျွန်းနှင့်တစ်ဖက်လျှင် ပလက်ဖောင်း ၅ ပေစီပါဝင်သော အရှည် ၅၈၀ ပေရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အလားတူ အခြေခံပညာကျောင်းများမှတစ်ဆင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ပြည်နယ်ပညာရေးဌာနမှ တာဝန်ယူကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံပညာကျောင်းများ၏ အားကစားပြိုင်ပွဲကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်ပြိုင်ပွဲများကျင်းပခဲ့ပြီး ယခုပြည်နယ်အဆင့်ပြိုင်ပွဲအနေဖြင့် အားကစားနည်း(၇)မျိုးကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကာ ထူးချွန်ထက်မြတ်သူများအားရွေးချယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ နေပြည်တော်တွင်ကျင်းပမည့် ဗဟိုအဆင့်ကျောင်းသားအားကစားပွဲတော်ကို သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များပီပီ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့်အခါ အနိုင်ရရှိရေးအတွက် မှန်ကန်သောနည်းလမ်းများဖြင့် ကြိုးစားရမည်ဖြစ်သကဲ့သို့ အရှုံးကိုလည်းရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားအားက စားပွဲတော်မှတစ်ဆင့် ကရင်ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်အားကစားသမား မောင်မယ်များပေါ် ထွန်းလာကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည် ထွက်ခွာခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့သိုင်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ် ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအနေဖြင့် မြဝတီမြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် သံတောင်ကြီးမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျောင်းသားမိဘများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် မြဝတီမြို့နယ်ဘောလုံးအသင်းက  ၉  ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ် ကျောင်းသားအားကစားပွဲတော်ကို အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘောအားကစားနည်း (၇)နည်း ထည့်သွင်းကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူအားကစားသမားပေါင်း ၈၆၈  ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲအမျိုးအစားအလိုက် ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံ၊ အားကစားခန်းမတို့၌ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၈ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)