လွိုင်ကော် အောက်တိုဘာ ၂၃
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ (၁၄) ခုအတွက် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အားကစားဆိုင်ရာ ကဏ္ဍများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦး လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ က လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက် နှင့် ကျေးရွာရပ်ကွက်နေ ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ကာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ၊ အားကစားဆိုင်ရာ ကဏ္ဍများ မိမိတို့ကျေးရွာတွင် ဆောင်ရွက်နိုင်ရန်အတွက် ပထမ (၃)လပတ်အတွင်း လျာထားပြီး ယခုလို ပေးအပ်လှူဒါန်းရ ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ ပြည်နယ်ဝန်ကြီး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင် သာသနာရေးမှူး ၊ မြို့နယ်အားကစားမှူးတို့က ထောက်ပံ့လှူဒါန်းငွေများအား ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)