လိပ်သို နိုဝင်ဘာ ၁၇
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာတစ်လွှားကလေးများနေ့အထိမ်းအမှတ်”အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တွေးခေါ်မြော်မြင်နိုင်စွမ်း၊ အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းကိုလည်းပေးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများဖြင့် ပြိုင်ပွဲများကိုကျင်းပခဲ့ရာ အမှတ် (၁)ရပ်ကွက်မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများ စုစုပေါင်း (၃၃) ဦးခန့်က ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဖားခုံပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲနှင့် ပူပေါင်း ဖောက်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အအေးဘူးများ ဝေငှခြင်းနှင့် အာဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)