တနင်္သာရီ နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့်ဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ကျောင်းသူ/သားများ စုပေါင်းမတည်လျက် အနန္တောအန္တငါးပါးကို ဦးထိပ်ထား၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲအကြိုနေ့ ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကျောင်းအရှေ့ ဆိုင်းဘုတ်မှစ၍ ပဒေသာပင်များကို ဆရာ/မများ၊ ကျောင်းသူ/သားများဝန်းရံလျက် မြို့တွင်းလမ်းများအတိုင်း စည်ကားစွာ ပွဲစံလှည့်လှည်ကြကြောင်း သိရသည်။
ဆရာ/မများမှ ဦးဆောင်ကြီးကြပ်လျက် ဆိုင်ကယ်အရှေ့ပြေးအဖွဲ့၊ အလံကိုင်အဖွဲ့၊ ကြေးစည်-မောင်း၊ အလှူခံအဖွဲ့၊ ကျက်သရေဆောင်လူကြီးများအဖွဲ့၊ ပဒေသာပင်များ၊ စည်တော်အကအဖွဲ့၊ ကထိန်သင်္ကန်းကိုင် နှင့်ကွမ်းတော်ကိုင်အဖွဲ့၊ ပန်းအိုးကြီးအဖွဲ့၊ ပုသိမ်ထီးအဖွဲ့၊ သင်္ကန်းရွက်အဖွဲ့၊ ပန်းအိုးကိုင်အဖွဲ့နှင့် ဗိုလ်အောင်ဒင်-မမြဝင်းအကအဖွဲ့များစသဖြင့် စနစ်တကျစီတန်းကာ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ လမ်းများအတိုင်းစည်ကားစွာ ပွဲစံလှည့်လည်ကြကြောင်း သိရသည်။
ယနေ့တွင် (၃)သိန်းကျင်တန်ပဒေသာပင်(၂)ပင်၊ (၂)သိန်းကျပ်တန်ပဒေသာပင်(၃)ပင်၊ (၃)သောင်းကျပ်တန်ပဒေသာပင်(၂၀)ပင်နှင့် ထိုင်းဘတ်ငွေ(၆၀၀)တန် ပဒေသာပင်တစ်ပင်တို့ဖြင့် မြို့တွင်းသို့ ပွဲစံလှည့်လည်ကြရာ ဒေသခံမိဘပြည်သူများနှင့်ခရီးသွား (၇)ရက်သား/သမီး စေတနာရှင်များက အလှူငွေစုစုပေါင်း (၉သိန်း-သုံးသောင်းကျော်)အထိ ထည့်ဝင်လှူဒါန်းကြကြောင်း သိရှိရသည်။
အဆိုပါ ကထိန်အလှူတရားနာကြားခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာကို နိုဝင်ဘာလ ၁၈ ရက်နေ့နံနက် ၈ နာရီအချိန်တွင် ချောင်းငယ်ရပ်ကွက်-ဝင်္ကဘာအောက်ကျောင်းတိုက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)