မအူပင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆောင်းသီးနှံအာမခံတောင်သူ အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မအူပင်မြို့နယ်၌ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှုဧက (၅)ထောင်ကျော်ရှိပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဧက(၃)ထောင်ကျော် စိုက်ပျိုးစရိတ် ထုတ်ချေးပြီးဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် ဆောင်းသီးနှံ အာမခံ ဆောင်ရွက်ထားရှိပါက ရာသီဥတုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု အာမခံလျော်ကြေးငွေများ ပြန်လည်ရရှိမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာဒေါ်ညိုမာမြင့်မှ စိုက်ပျိုးစရိတ်ထုတ်ချေးငွေဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်းမှ ဒုတိယတာဝန်ခံ ဒေါ်သန်းသန်းအေးမှ အာမခံလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဟောပြောဆွေးနွေးရာ တက်ရောက်လာသူများက သိလိုသည်များအား မေးမြန်းဖြေကြားခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)