တိုင်းဒေသကြီးဝန်ကြီးချုပ် နေကြာမျိုးစေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၇

၂ဝ၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့နှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရွေးနဒီခန်းမတွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုး နိုင်ရန်အတွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊  ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ မိုးစပါး စိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကတစ်သိန်းအား ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)များ ထည့်သွင်း စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝ ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ထုတ်လုပ် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးခြင်းလည်း ဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် တောင်သူများ၏ လယ်ဧကများ၌ ဓာတ်မြေဩဇာလိုအပ်ချက်နှင့် မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန် စေမည်ဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးစံပြတိုင်း ဖြစ်စေရေးအတွက် ပန်းတိုင်အထွက် နှုန်းများရရှိစေရေး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်းနှင့်  တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက်လည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊  ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ နေကြာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများ သုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လပွတ္တာခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ ရေတော်မိုးတော် စိုက်ဧကများတွင် ပိုက်ဆံလျှော် ထည့်သွင်း စိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ်ရန် ဆောင်ရွက်ထားရှိမှုနှင့် နေကြာစိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများ၊ ရေငံတားတာ ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်း စိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးတို့က တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးမှ  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် အချက်အလက်များမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်၊ စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း  ပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့၊အမှတ်(၈)ရပ်ကွက်ရှိ တိုင်းဝင်းဆန်စက်သို့သွားရောက်၍ ဆိုလာစနစ်(၄၀ကီလိုဝပ်)ဖြင့်ဆန်ကြိတ်ခွဲ ထုတ်လုပ်မှုများနှင့် ၂၀၀ ကီလိုဝပ်ထွက်ရှိမည့် ဆိုလာစနစ်တပ်ဆင်  ဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုလာတပ်ဆင်မှုလုပ်ငန်းများ စနစ်တကျ တပ်ဆင်ဆောင်ရွက်ရန်နှင့် အောင်မြင်အောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးထွန်းမင်း၏ လယ်မြေတွင် ပြုလုပ်သည့်   မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ ဦးစွာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးမှ လပွတ္တာမြို့နယ်၏ ရေမြေသဘာဝအလိုက် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ဧကများ ပြည့်မီစေရေးနှင့် မြေပြုပြင်ခြင်းများ ဆောင်ရွက်ထားရှိပြီဖြစ်၍  မြေအမျိုးအစားအလိုက် ကောင်း၊ သင့်၊ ညံ့ တွက်ချက်မှုများ ပြန်လည်တွက်ချက် ထားရှိရန် မှာကြားခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက ၁၀ တင်း ပိုမိုတိုးတက် ထွက်ရှိစေရေးအတွက် အထွက်တိုးမျိုးစပါးများ ပြောင်းလဲ အသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများ အချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) များမြေခံထည့်သွင်း စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်းများ တိုးတက်လာသည်ကို  တွေ့ရှိနေပြီဖြစ်ပါကြောင်း၊ လာမည့် မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော် မိုးစပါး စိုက်ဧကအားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးသွားမှာ ဖြစ်၍ တောင်သူများကလည်း ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများ တိုးမြှင့်ဆောင်ရွက်ရန် လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးဆက်လက် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီးနောက် တောင်သူများ၏ တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါတောင်သူ ဦးထွန်းမင်း၏ ဆင်းသုခမျိုးစပါး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း( ၁၂၀)တင်းထွက်ရှိ ခဲ့ပြီး အထွက်တိုး မျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲ စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများ အချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်း စိုက်ပျိုးခြင်းများအပြင် ရိတ်သိမ်းခြွေလှေ့စက်မောင်းသင်တန်း ဆင်းများမှ စနစ်တကျဖြင့်ရိတ်သိမ်းခြင်းတို့ကြောင့် လေလွင့်မှုများနည်းပါးကာ အထွက်နှုန်းတိုးခြင်း ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)