ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး နောက်ဆုံးတွေ့ရှိသည့် အတည်ပြုလူနာ ၁ ဦး ကျန်းမာရေး ကောင်းမွန်လာ၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိ

ပုလဲ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊      ယင်းမာပင်ခရိုင်၊  ပုလဲမြို့နယ်တွင်   ကိုဗစ် - ၁၉ ရောဂါပိုး  နောက်ဆုံးတွေ့ရှိသည့် အတည်ပြုလူနာ  ၁ ဦးသည်   ကိုဗစ် - ၁၉ ရောဂါလက္ခဏာ    ပျောက်ကင်းပြီး   ကျန်းမာရေး ကောင်းမွန်လာ၍ ယနေ့ နံနက် ၁၀နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ   ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ပုလဲ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “ကျွန်တော်တို့မြို့နယ်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သီတင်း (အရှေ့) ကျေးရွာ Quarantine မှာထားရှိတဲ့ အသက်   ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်လို့ ကျေးရွာ Quarantine ထားရှိတဲ့ နေရာကနေ ခေါ်ဆောင်၍  မြို့နယ် ပြည်သူ့ဆေးရုံရှိ Isolation   Ward၌  ထားရှိပြီး    ကျန်းမာရေးစောင့်ရှောက် ကုသမှုများကို ဆောင်ရွက် ပေးခဲ့ပြီး  ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့တဲ့ ရက်မှစ၍ (၁၀) ရက်အတွင်း လူနာအမျိုးသမီးက ရောဂါ လက္ခဏာမပြဘဲ  ကျန်းမာရေး ကောင်းမွန်နေတဲ့အတွက်ကြောင့် ယနေ့   အောက်တိုဘာ  ၂၃ ရက်၊ နံနက် ပိုင်းမှာ  မြို့နယ်ပြည်သူ့ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာဖြစ်တယ်၊ ဆေးရုံကနေ ဆင်းခွင့်ရရှိတဲ့အမျိုးသမီးကို မြို့နယ်ကုသရေးဦးစီးဌာန လက်ထောက် ဆရာဝန်  ဒေါက်တာ  အောင်ကျော်မြင့်နှင့်   ကျန်းမာရေးဝန်ထမ်းများ၊   မြို့မိမြို့ဖများ၊ စေတနာ့ဝန်ထမ်းများက   နှုတ်ဆက် အားပေး စကားများ  ပြောကြား၍    နှာခေါင်းစည်း  Mask များကို  ထောက်ပံ့ပေးအပ်ခဲ့ပြီး  ဆေးရုံဆင်း လက်မှတ်များကို ပေးအပ်ကာ ၎င်း ကျေးရွာအရောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက မော်တော်ယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့ပြီး     ကျေးရွာသို့   ပြန်လည် ရောက်ရှိချိန်တွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့် အညီ   Home Quarantine (၇)ရက်  နေထိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ် ” ဟုပြောကြားခဲ့ သည်။

ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၁၂ ဦးရှိသည့်အနက် ကိုဗစ် - ၁၉ ရောဂါပိုး ပထမဆုံး တွေ့ရှိသည့် အတည်ပြုလူနာ ၇ ဦးသည် အောက်တိုဘာ ၁၁ ရက်တွင် လည်းကောင်း၊ ဒုတိယတွေ့ရှိသည့် အတည်ပြုလူနာ ၂ ဦးသည် အောက်တိုဘာ ၁၄ ရက်တွင်လည်းကောင်း၊ တတိယတွေ့ ရှိသည့် အတည်ပြုလူနာ ၂ ဦးသည် အောက်တိုဘာ ၁၇ ရက်တွင် လည်းကောင်း၊ နောက်ဆုံး   တွေ့ရှိသည့် အတည်ပြုလူနာ ၁ဦးသည်  အောက်တိုဘာ   ၂၃ရက်တွင် လည်းကောင်း ကျန်းမာရေးကောင်းမွန်စွာဖြင့် မြို့နယ်ပြည်သူ့ဆေးရုံမှ   ဆင်းခွင့်ရရှိခဲ့သောကြောင့် ပုလဲမြို့နယ်အနေဖြင့် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ မရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

မြင့်သိန်းစိုး (ပြန်/ဆက်)