ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေး အတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင်ကျွန်း နိုဝင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ဆီထွက်သီးနှံ (နေကြာ)၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်ကျွန်းမြို့၊‌ မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။    

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧကများအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးနိုင်ရေး တောင်သူ များအား မျိုးစေ့များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း အဖွဲ့လိုက် စုပေါင်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် မျိုးစေ့များရရှိရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးစံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရန်ရည်မှန်းချက်ထား ဆောင်ရွက်သွားရန်၊ ဆီဖူလုံမှုရှိစေရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး လျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက် သီးနှံများဖြစ်ထွန်း အောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ် ကြောင်းနှင့် နေကြာစိုက် ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးရေးဆောင်ရွက် ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမို အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့များပေးအပ်ရခြင်း ရည်ရွယ်ချက်၊ စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမြင့်က မြေအသုံးချမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်တို့က မော်လမြိုင်ကျွန်းမြို့နယ်မှ တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့်သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့ကြောင်းသိရသည်။               

ရဲကိုမောင် (ပြန်/ဆက်)