နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ မျိုးစေ့အဆင့်မြှင့်တင်ခြင်း၊ မျိုးသန့်ပြန့်ပွားခြင်းနှင့် မျိုးရွေးချယ်ခြင်းများ ဆောင်ရွက်

နတ်မောက် နိဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအဖြင့် ချည်မျှင်ရှည်ဝါ မျိုးစေ့အဆင့်မြှင့်တင်ခြင်း၊ မျိုးသန့်ပြန့်ပွားခြင်းနှင့် မျိုးရွေးချယ်ခြင်းများကို ယမန်နေ့က ရွာမွန်ကျေးရွာအုပ်စုနှင့် တောင်ထောင့်ကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါသီးနှံသည် လူသားတို့ဝတ်ဆင်ရေးအတွက် သဘာဝချည်မျှင်ထုတ်လုပ်နိုင်သော အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရန်လိုအပ်သည့် ကုန်ကြမ်းဖူလုံရေးအတွက် များစွာအထောက်အကူဖြစ်သော သီးနှံလည်းဖြစ်ကာ နှစ်စဉ်ဝါသီးနှံစိုက်ဧက ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက် ဝါမျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များရရှိရန် မျိုးစေ့ထုတ်(အထူးဇုံ) စိုက်ကွင်းများ ဖော်ဆောင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများ မိမိဒေသနှင့်ကိုက်ညီသည့် ချည်မျှင်ရှည်ဝါမျိုးကောင်းမျိုးသန့်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါမျိုးကောင်းမျိုးသန့်များ ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူရရှိသုံးစွဲနိုင်ရန်၊ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်လာပြီး တောင်သူဝင်ငွေတိုးတက်စေရန်နှင့် အရည်အသွေးပြည့်ဝသော မျိုးစေ့ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ(၂၂၈၄၆)ဧကစိုက်ပျိုးထားရှိပြီး မျိုးသန့်ထုတ်(၂၀၀)ဧက စိုက်ကွင်းထူထောင်ဆောင်ရွက်လျက်ရှိရာ မျိုးစေ့အဆင့်မြှင့်တင်ခြင်း၊ မျိုးသန့်ပြန့်ပွားခြင်းနှင့် မျိုးရွေးချယ်ခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများ ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

မူမူစန်း