လှိုင်းဘွဲ နိုဝင်ဘာလ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း လိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကြာအင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများ၊ အခွင့်အလမ်းများနှင့် ရပိုင်ခွင့်များ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာ/ကာမှူး ဒေါ်မိနန္ဒာမွန်က ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အားကစားများအကြောင်းနှင့် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင်က တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားစာပေများ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း၊ အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခြင်းနှင့် တက်ရောက်လာသော ကျေးရွာနေပြည်သူများအား ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း လိုအပ်မှုတို့ကို ဆန်းစစ်စီမံခြင်းစစ်တမ်းလွှာများ ကောက်ယူခြင်းနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဖိုးခွါး (ပြန်/ဆက်)