ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးညီညီအောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးက "လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ကျန်းမာရေး"စသည့် ခေါင်းစဉ်များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများပါဝင်သော နံရံကပ်စာစောင်ပြသခြင်းနှင့် စာပေဖတ်ရှုနိုင်ရေး စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင် ငှားရမ်းပြသခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် အသိပညာပေးနံရံကပ်စာစောင်များ ပြုလုပ်ပြသခြင်းအစီအစဉ်များကို ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့နှင့်ပူးပေါင်းပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)