ထားဝယ် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်း၊ နယ်မြေဒေသဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့နေရသောအခက်အခဲများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လမ်းညွှန်အမှာစကားပြောကြားရာ၌ လောင်းလုံးမြို့နယ် သည် လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားအချက်အချာကျသော နေရာဒေသတစ်ခုဖြစ်ပြီး ယခုအခါတွင် အခက်အခဲပြဿနာများကြောင့် လျော့နည်းကျဆင်းလာသည်ကို တွေ့ရကြောင်း၊ လောင်းလုံးမြို့နယ် အနေဖြင့်ပညာရေး၊ ကျန်းမာရေးနိမ့်ဆင်းလာသည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လောင်းလုံးဒေသအတွင်း နယ်မြေအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက် ရေး၊စီးပွားရေးဖွံ့ဖြိုးမှုနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လောင်းလုံးဒေသအတွင်းရှိ တန်ဖိုးရှိသော ပင်လယ်ကမ်းခြေများစွာရှိပြီး ကမ်းခြေများတွင် နိုင်ငံခြားခရီးသွားဧည့်သည်များကို လာရောက်လည်ပတ်နိုင်အောင် ဆွဲဆောင်နိုင်ကြောင်း၊ ယခင်ကလောင်းလုံးဒေသအနေအထားသည် ထိုင်းနိုင်ငံတွင်ရှိသော ဖူးခက်နှင့်သဏ္ဍန်တူကြောင်း၊ ကမ်းခြေတစ်လျှောက်တွင် ရေကူးမည့်နေရာများ၊ အပန်းဖြေမည့်နေရာများ၊ ညအိပ်တည်းခိုမည့်နေရာများ၊ စားသောက်ဆိုင်များဖြင့် ရှိခဲ့မည်ဆိုပါက လောင်းလုံးဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်မည်ဟု မျှော်လင့်ထားရှိကြောင်း၊ ယခုအခါ လောင်းလုံးနယ်မြေဒေသအတွင်း မလိုလားအပ်သောပြဿနာများ၊ မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စရပ်များကြုံတွေ့လာရကြောင်း၊ လောင်လုံးဒေသ အတွင်းဦးစားပေးအနေဖြင့် အေးချမ်းသာယာရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးသည်လည်းအရေးကြီး ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အခက်အခဲများရှိပါက တင်ပြပေးရန် လိုအပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား လာရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ်များပေးအပ်ရာ တာဝန်ရှိသူများလက်ခံရယူပြီး တက်ရောက်လာသူများက ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့ရသောအခက်အခဲများ ရှင်းလင်းဆွေးနွေးတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က လောင်းလုံးမြို့နယ်ရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ပြည်သူ့ဆေးရုံကြီးမှ အရာထမ်းအမှုထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာအရာထမ်း၊ အမှုထမ်းများအား သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ ထောက်ပံ့ငွေများပေးအပ် သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်နေသော ဓမ္မာရုံအား ကြည့်ရှုစစ်ဆေးရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအားဓမ္မာရုံအား သတ်မှတ်ကာလအတွင်းပြီးစီးရန် လိုအပ်ကြောင်း၊ လေဝင်လေထွက်၊ ရေ၊ မီး အလုံအလောက်ရှိရန်လိုအပ်ကြောင်းနှင့် ဓမ္မာရုံပတ်ဝန်းကျင် သန့်ရှင်းသာယာရေးအတွက် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိရန်လိုအပ်ကြောင်း ပြောကြားသည်။
အလားတူပင် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ရုံးရှိအရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)