ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှု အခြေအနေများအား RWS MIS ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်း ရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေး

ပင်လည်ဘူး အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှုအခြေအနေများအား Rural Water Supply Management Information System ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်းရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။

ကျေးရွာများ၏ ရေသုံးစွဲမှုအခြေ အနေများအား Rural Water Supply Management Information System ဖြင့် ကောက်ယူစုစည်းပြီး သန့်ရှင်းခြင်း ရှိမရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေးမှုများကို လက်ရှိ ကျေးရွာပေါင်း (၁၀)ရွာအား စမ်းသပ်ထားရှိပြီးဖြစ်ကြောင်း၊  ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာပေါင်း (၂၆၆) ရွာရှိပြီး အဆိုပါ စမ်းသပ်စစ်ဆေးမှုများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာပေါင်း (၁၃၃)ရွာကို စမ်းသပ်ပြုလုပ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ထန်း ဇော်ထံမှ သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် သောက်သုံးရေများ အခက်အခဲမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးတို့အတွက် စက်ရေတွင်း တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ရေကန်များပြုလုပ်ခြင်းတို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၇၉ ရွာတွင် တွင်းနက် (၅၆) တွင်း၊ တွင်းတိမ် (၃) တွင်း၊ လက်တူးတွင်း (၂)တွင်း၊ စိမ့်စမ်းရေလုပ်ငန်း (၁၇)ခုနှင့်အခြား သောက်သုံးရေရရှိရေး လုပ်ငန်း (၃) ခုတို့အား အကောင်အထည်ဖော် ဆောင်ရွက် ထားရှိပြီး ဖြစ်ကြောင်း၊ ယခုအခါ သန့်ရှင်းသောရေသုံးစွဲမှု ရှိစေရေးတို့အတွက်  မြို့နယ်အတွင်းရှိ ကျေးရွာ များတွင် လက်ရှိ ရေသုံးစွဲမှုအခြေအနေများအား Rural Water Supply Management Information System ဖြင့် ကောက်ယူစုစည်းခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 

မျိုးလွင်(ပင်လည်ဘူး)