ဖြူးမြို့နယ်၊ ထန်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ဖြူး   နိုဝင်ဘာ    ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ထန်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း၌  ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများအား ယမန်နေ့မွန်းလွဲပိုင်းက ကျန်းမာရေးအသိပညာပေး၍ တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့က ရာသီအကူးအပြောင်းတွင် အဖြစ်အများဆုံးရောဂါများနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့် တိုင်းရင်းဆေးအကြောင်းကို အသိပညာပေးဟောပြောကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ရောဂါအလိုက် တိုင်းရင်းဆေးများပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် အဖြစ်အများဆုံးရောဂါများမှာ နှာဆေးခြင်း၊ ချောင်ဆိုးခြင်းနှင့် မျက်စိနာရောဂါများအဖြစ် အများဆုံးဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)