အုတ်တွင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

အုတ်တွင်း နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ခွဲ) ဟင်းငုတ်ပင်၌ ကျင်းပသည်။

ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာထွေးက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ ဦးချစ်စန်းဦးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း အကြောင်းအရာများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်အချက်များကို‌ ကျောင်းသား၊ ကျောင်းသူများနှင့် လက်တွေ့သရုပ်ပြသသည်။

ထို့‌နောက် အသိပညာပေး‌ဟောပြောပွဲသို့ တက်ရောက်လာသော Grade-8 နှင့် Grade-9 မှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဦးအား လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းအသိပညာပေး လက်ကမ်းစာစောင်နှင့် မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)