ထားဝယ် နိုဝင်ဘာ ၁၇
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးဆရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်း စာအုပ် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲအား ပြုလုပ်ပေးလျက်ရှိပြီး ယခုစာဖတ်ဝိုင်းသည် တတိယအကြိမ်ဖြစ်ကြောင်း၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်း စာအုပ်သည် အနှစ်သာရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိ အကြောင်းအရာများအား ဖတ်ရှုပြီး ရှုထောင့်အမျိုးမျိုးဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ Book Club အသင်းဥက္ကဋ္ဌ ဦးတင့်လွင်က စာအုပ်ထဲမှ အကြောင်းအရာများကို စတင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော စာရေးစာရာများ၊ Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုးသူများတို့က စွန့်စားမှုဆီသို့ ခြေတစ်လှမ်း စာအုပ်ထဲရှိ လမ်းလျှောက်ထွက်ကြမယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ် လပြည့်ညဝယ်၊ ရှုမဆုံးတော့သည်၊ စကားပြောဖို့ ခလုတ်နှိပ်ပါ စသည့် အကြောင်းအရာများကို ဖတ်ရှုပြီး စာပေရသ အတွေ့အကြုံများအား အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)