မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

မြိတ် နိုဝင်ဘာ ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရေး၊ စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးအတွက် ယနေ့ နေ့လယ် ၁:၀၀ နာရီက လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း စာအုပ်သည် စာရေးဆရာ ဒေါက်တာ  ခင်မောင်ညို ရေးသားထားသည့် စာအုပ်ဖြစ်ပြီး ဆောင်းပါးခေါင်းစဉ် (၃၁) ပုဒ်ရှိသည့်အနက် လူငယ်များ အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့် အမြင်များ၊ ရှက်စိတ်၊ ကြောက်စိတ်နှင့် အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ တာဝန်-လိပ်ပြာသန့်မှု၊ အလှအပဖြင့် ဝင့်ကြွားခြင်း၊ အသုံးကျခြင်းနှင့် နှလုံးလှခြင်း၊ လူငယ်နှင့် သိပ္ပံအတွေး၊ ယုံကြည်စိတ်ချမှုနှင့် ဘဝအမြင်၊ လူငယ်နှင့် တက္ကနိုလိုဂျီစသည်ဖြင့် လူငယ်များအတွက် ခွန်အားဖြည့်ဆောင်းပါးများ ရေးသားထားသည့် စာအုပ်ဖြစ်ကာ လူငယ်များအတွက် အတွေးအမြင် ခံယူချက်စိတ်ထား၊  အသိပညာ ဗဟုသုတများနှင့် စိတ်ဓာတ်ခွန်အားများ ရရှိစေသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြား၍ စာရေးဆရာ ဝင်းမြတ်အောင်(မြိတ်)၊ ဦးနိုင်ဝင်းနှင့် ဦးစိုးရီတို့မှ ဦးဆောင်၍ ကျောင်းသား/သူများဖြင့် ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/သူများမှ အမျိုးသားနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင်များ ခင်းကျင်းပြသထားမှုအား ကြည့်ရူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)