မင်းဘူးမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

မင်းဘူး နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဦးဆောင်ဆွေးနွေးသူအဖြစ် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်နှင့် ကျောင်းသား/ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများ၏ သိရှိလိုသောမေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါလူငယ်စကားဝိုင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)