ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဒေသတွင်းစားရေရိက္ခာဖူလုံပြီး ပိုလျှံသည်များအား ပြည်တွင်းပြည်ပ ဈေးကွက်များသို့တင်ပို့ရောင်းချနိုင်ရေး မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ဘားအံမြို့နယ်၊ မိဇံကျေးရွာ၊ ပတုပ်စားကျက်ကွင်းနှင့် ပတုပ်တောင်ကွင်းတို့တွင် ဝက်/ဆိတ်မွေးမြူရေးဇုန်သီးသန့်ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးတို့က ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် မွေးမြူရေးဇုန်အဝင်လမ်း၊ ပင်မလမ်း၊ ဇုန်ပတ်လမ်း၊ အတွင်းလမ်း၊ ကွန်ကရစ်တံတားနှင့် Pipeculvert၊ Boxculvert များ ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဝက်မွေးမြူရေဇုန် ၌ (၀ ဒဿမ ၅၀)ဧကကွက် ၅၅ ကွက်နှင့် အကွက်ပျက် ၁၇ ကွက်၊ ဆိတ်မွေးမြူရေး ဇုန်၌ တစ်ဧက ကွက် ၃၄ ကွက်နှင့်အကွက်ပျက် ၇ ကွက် ဖော်ထုတ် ၍ မြေနေရာချထားပေးမှုအခြေအနေ၊ လျှပ်စစ် ဓာတ်အားရရှိရေး၊ ရေရရှိရေး၊ မွေးမြူမည့် တိရစ္ဆာန်ကောင်ရေ ရရှိရေးနှင့် လိုအပ်ပါကချေးငွေများ ထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝက်/ဆိတ်မွေးမြူရေးဇုန်အတွင်း လမ်း/တံတားများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မွေးမြူရေးတောင်သူများမှ ဇုန်အတွင်းမွေးမြူနိုင်ရေး မြေယာရှင်းလင်းခြင်းနှင့်အဆောက်အဦများ စတင်ဆောက်လုပ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အတွင်းရှိ ပွင့်သစ်တိုး ဘက်စုံသုံး အဆင့်မြင့် ဂျစ်(ပ်)ဆမ်ကျောက်မှုန့်ကြိတ်ခွဲသန့်စင်စက်ရုံအဝင်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်အတွင်းရှိ အောင်မိသားစု သံ၊ ပုလင်း၊ကော်၊ စက္ကူမျိုးစုံ ရောင်းဝယ်ရေးအလုပ်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ တစ်ဦးက အလုပ်ရုံအတွင်း စွန့်ပစ်ပလပ်စတစ်၊ ကော်၊ စက္ကူမျိုးစုံ၊ သံနှင့်ပုလင်းတို့အား ကြိတ်ခွဲ ထုတ်ပိုး၍ ကုန်ချောအဖြစ်ပြန်လည်အသုံးပြုနိုင်ရန် သန့်စင်ဆောင်ရွက်ခြင်းနှင့် သန့်စင်နိုင်ခြင်းမရှိ သောစွန့်ပစ်ပစ္စည်းများအား ထုတ်ပိုး၍ သန့်စင်နိုင်သောစက်ရုံအလုပ်ရုံ များသို့ပြန်လည်တင်ပို့ ရောင်းချခြင်းတို့အား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုထက်ပိုမိုသန့်စင် ထုတ်လုပ်နိုင်သော စက်ရုံ၊ အလုပ်ရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လိုအပ်သည် များ မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ဇွဲကပင်ဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အို အဘိုး ၃ ဦးနှင့် အဘွား ၁၃ ဦးတို့အား စားဝတ်နေရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အဘိုးအဘွားများအား အာဟာရဖြည့်စွက် အစားအစာများနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ အဘိုးအဘွားများက ဆုမွန်ကောင်းများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်းဓာတ်မြေဩဇာသုံးစွဲခြင်းကိုလျော့ချ၍ သဘာဝ မြေဩဇာများကို တွင်ကျယ်စွာအစားထိုးပြောင်းလဲသုံးစွဲလာစေရေး ဘားအံမွေးမြူရေးဇုန်အတွင်း၌ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းနှင့်စိုက်ပျိုးရေးသုံးစွန့်ပစ်ပစ္စည်းများကိုအသုံးပြု၍ သဘာဝမြေ ဩဇာများထုတ်လုပ်နေသော တိုးပွားသဘာဝ မြေဩဇာစက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်ဦးသိန်းမြင့်က ကုန်ကြမ်းရရှိမှုနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သဘာဝမြေဩဇာများကို တွင်ကျယ်စွာ အသုံးပြုသင့်ပြီး ဈေးနှုန်းအနေဖြင့်လည်း အခြားဓာတ်မြေဩဇာများထက် အဆများစွာသက်သာကာ တောင်သူများ ဝယ်ယူအသုံးပြုနိုင်သည့် အခြေအနေဖြစ်သည့်အတွက် ကုန်ကြမ်းရရှိမှုအပေါ်မူတည်၍ ယခုထက် ပိုမိုတိုးတက် ထုတ်လုပ်ရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး ကတ္တရာကွန်ကရစ်လမ်းချဲ့ ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညိုက ဘားအံ- လှိုင်းဘွဲလမ်း ၀ ဒဿမ ၀ ကီလိုမီတာမှ ၁ ဒဿမ ၆ ကီလိုမီတာထိ ယခင်ကတ္တရာကွန်ကရစ်လမ်း ၂၄ ပေအကျယ် အား ၃၆ ပေအကျယ် ကတ္တရာ ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်နှင့် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)