ပေါင်းတည် နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများသို့ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးနှင့်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ဆောင်းသီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးရေးအသိပညာပေး အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကျော်က ဆောင်းသီးနှံစိုက်ပျိုးမှုများနှင့် ပတ်သက်၍ အတွေ့အကြုံများကို ဆွေးနွေးရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးရဲဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးမင်း၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနမှူး ဦးညီညီအောင်တို့က ဆောင်းသီးနှံစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနအကြီးအကဲများက ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြကြောင်း သိရသည်။
ယင်းနောက်ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား အထွက်ကောင်းမျိုးသန့် မတ်ပဲ TBL 9 မျိုးစေ့များ၊ ပဲတီစိမ်း ရေဆင်း ၁၄ နှင့် ဆင်းရွှေကြာ နေကြာမျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးနှင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများကို စီမံကိန်းပေးအပ်လွှာများအတူ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)