ဖျာပုံမြို့နယ် ရှမ်းကွင်းကြီးကျေးရွာ အလက (ရှမ်းကွင်း) ကျောင်း၌" လူငယ်စကားဝိုင်း" ကျင်းပ

ဖျာပုံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ရှမ်းကွင်းကြီးကျေးရွာ အလက(ရှမ်းကွင်း) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊​လူကောင်းများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ် စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီအချိန်က အဆိုပါ ကျေးရွာ အ လ က (ရှမ်းကွင်း) ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စကားဝိုင်း​ပြုလုပ်ရာတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်မာမာလွင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်နှင်းနန္ဒာဦးတို့က Moderator အဖြစ် ဆောင်ရွက်ပြီး ပါဝင်ဆွေးနွေးသူများအဖြစ် အလက (ရှမ်းကွင်း)ကျောင်း Grade (9) မှ မမြတ်ဖူးငုံက "ကျောင်းသားနှင့်စာအုပ်စာပေ"၊ မောင်ချစ်မင်းအောင်က "လူငယ်နှင့်မူးယစ်ဆေးဝါး" ကိုလည်းကောင်း၊ အလက(ရှမ်းကွင်း) ကျောင်း Grade(10)မှမောင်ရဲဝင်းနိုင်က"လူငယ်နှင့် အားကစား" ကိုလည်းကောင်း၊ အလက (ရှမ်းကွင်း)ကျောင်း Grade (8)မှ မယုဇနက "လူငယ်နှင့်စည်းကမ်း" စသည့်ခေါင်းစဥ်တို့ဖြင့် တစ်ဦးချင်းအလိုက် ဆွေးနွေး​ပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ဦးစီးအရာရှိ ဒေါ်မာမာလွင်၊ နည်းစနစ်မှူး ဒေါ်နှင်းနန္ဒာဦးတို့နှင့် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြသည်။ အဆိုပါ စကားဝိုင်းသို့ အ.လ.က (ရှမ်းကွင်း) ကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)