မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ

အထက်မင်းလှ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် မူလတန်း အဆင့်စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၉) နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာငြိမ်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခဲ့ပြီး ကလေးအလုပ်သမား ပ‌ပျောက်ရေးအသိပညာ‌ပေးနံရံကပ်စာစောင်၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်၊ ငလျင်အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ မူလတန်းအဆင့်စကားပုံဆက်ပြိုင်ပွဲကျင်းပရာ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်စကားပုံဆက်ပြိုင်ပွဲ ကျင်းပခဲ့ရာ မြောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းမှ Grade-4 ကျောင်းသား၊ကျောင်းသူ (၂၀) ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)