အထက်မင်းလှ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးသီးနှံများစိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများမှပူးပေါင်း၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် တိုက်နယ် (၆) ခု၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ အဖွဲ့များအားလုံးမှ ပူးပေါင်းဆောင်ရွက်ရန်၊ လုံခြုံရေးဂရုပြု ဆောင်ရွက်ကြရန်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင်ပါဝင်သည့် ရပ်ကွက်၊ ကျေးရွာများမှ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးပူးပေါင်းဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးနေမှုများ၊ တည်ဆောက်ရေး လုပ်ငန်းများအချိန်မီ ပြီးစီးရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ ဌာနများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သီးနှံစိုက်ပျိုးရာတွင်၊ သီးထပ်စွမ်းအား မြှင့်တင်ဆောင်ရွက်နေမှုများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှု အခြေအနေများ ဆောင်းသီးနှံစိုက်ပျိုးရန် သီးနှံလျာထားချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပါသည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)