အလက(ရှမ်းကွင်း)ကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ

ဖျာပုံ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းကွင်းကြီးကျေးရွာ၊ အလက(ရှမ်းကွင်း)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရှမ်းကွင်းကြီးကျေးရွာ၊ အလက(ရှမ်းကွင်း)ကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က" လူငယ်ဘဝ ပညာသင်အရွယ်မှ စပြီး မိမိဝါသနာပါရာ ရည်မှန်းချက်ထားပြီး ကြိုးစားကြစေလိုကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုးကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသော စာပေများကိုလည်း လေ့လာဖို့လိုကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ "အကြောင်းအရာများကိုလည်းကောင်း၊ ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်နှင်းနန္ဒာဦးက "အားကစားနှင့် အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် အားကစားကဏ္ဍ လေ့လာလိုက်စား စေလိုကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန်၊ အချိန်ကို အကျိုးရှိရှိ အသုံးချစေတတ်ဖို့လို ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအကြောင်း သိကောင်းစရာနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း အသိပညာပေး နံရံကပ်စာစောင်များပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)