မုံရွာ အောင်တိုဘာ ၂၃
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ ကျေးရွာ (၇)အုပ်စုရှိ ကျေးရွာ (၉)ရွာတွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းကျော်မျိုး၏ ပြောကြားချက်အရ သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးလင်းရေးစနစ်ကို ဟုမ္မလင်းမြို့နယ်အတွင်းရှိ နန့်သာကျေးရွာအုပ်စုရှိ နန့်သာကျေးရွာတို့တွင် လည်းကောင်း၊ ထုံမာတဲ့ ကျေးရွာအုပ်စုရှိ ထုံမာတဲကျေးရွာနှင့် လိုင်မဆန်ကျေးရွာတို့ ပူးပေါင်းပြီး လည်းကောင်း၊ နန်ချောကျေးရွာအုပ်စုရှိ ပင်ခုတ်ကျေးရွာတွင်လည်းကောင်း၊ နောင်ဖာမူ ကျေးရွာအုပ်စုရှိ နောင်ဖာမူကျေးရွာ တွင်လည်းကောင်း၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ လက်ပံသာ ကျေးရွာတွင် လည်းကောင်း၊ ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာအုပ်စုရှိ မင်းယား ကျေးရွာတွင် လည်းကောင်း၊ ပုလဲမြို့နယ်အတွင်းရှိ မယင်းကျေးရွာအုပ်စုရှိ မယင်းကျေးရွာနှင့် ခင်သာကျေးရွာတို့တွင်လည်းကောင်း ဖော်ဆောင်ပေး သွားမည်ဖြစ် ကြောင်း သိရသည်။
၎င်းနေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးလင်းရေးစနစ်ပြီးစီးက မြို့(၃)မြို့ရှိ ကျေးရွာအုပ်စု (၇) စုမှ ကျေးရွာ (၉) ရွာမှ စီမံကိန်းချိတ်ဆက်မည့် အိမ်ခြေ(၁၅၈၅)ရှိ ဒေသခံပြည်သူ (၉၈၉၃) ဦးတို့သည် လျှပ်စစ်မီး အသုံးပြု နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကလည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးလင်းရေး စနစ်ဖြင့် မီးလင်းရေးကို စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်းရှိ ကျေးရွာ (၈) ရွာတွင် လည်းကောင်း၊ ဝန်းသို မြို့နယ်အတွင်းရှိကျေးရွာ(၃)ရွာတွင်လည်းကောင်း၊ ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာ(၂)ရွာတွင် လည်းကောင်း၊ ခန္တီး မြို့နယ်အတွင်းရှိ ကျေးရွာ(၁)ရွာတွင် လည်းကောင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၇)ရွာတွင် လည်းကောင်း၊ တန့်ဆည်မြို့နယ် အတွင်းရှိ ကျေးရွာ(၁)ရွာတွင်းလည်းကောင်း၊ လေရှီးမြို့နယ် အတွင်းရှိ ကျေးရွာ(၁) ရွာတွင် လည်းကောင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)