ကျောင်းကုန်း နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဂါဒီယန် ဦးစိန်ဝင်းခန်းမ၌ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းကုန်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က လူငယ် စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌမှ ဘောလုံးတစ်လုံး ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှမော် က လက်ခံရယူခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ လူငယ်နှင့် ကျန်းမာရေးကဏ္ဍအား Grade 10 မှ မောင်သူထူးအောင်ကလည်းကောင်း၊ လူငယ်နှင့် စာပေကဏ္ဍအား Grade 10 မှ မအေးပြည့်ပြည့်စံကလည်းကောင်း၊ လူငယ်နှင့် အနုပညာကဏ္ဍအား Grade 10 မှ စမိုင်းလှအောင်က လည်းကောင်း၊ လူငယ်နှင့် အားကစားကဏ္ဍအား Grade 10 မှ မခြူးခန့်ခန့်ဇော်က လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်သူများက ပြန်လည် ဖြေကြားပေးခဲ့ကြသည်။
အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် လူကုန်ကူးမှုအကြောင်း ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)