အင်္ဂပူမြို့တွင် မဲရုံမှူးများ နည်းပြသင်တန်း ဖွင့်လှစ်

အင်္ဂပူ   အောက်တိုဘာ   ၂၃

အင်္ဂပူမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်မဲရုံမှူး၊ ဒုမဲရုံမှူးများအား မဲရုံလုပ်ငန်း ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးနည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းဝေးခန်းမမှ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ မြို့နယ်ပညာရေးမှူးဦးသက်လွင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မဲရုံလုပ်ငန်းနှင့်ပတ်သက်သည့် သင်ခန်းစာများအား ပို့ချပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်ရိုး(၁)မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များ၊ မဲရုံအဖွဲ့ဝင်များခန့်အပ်ခြင်း၊ မဲရေတွက်ခြင်းနှင့်မဲရလဒ်ဆိုင်ရာသတိပြုရန်အချက်များ၊ သင်ရိုး(၂) မဲရုံတည်နေရာနှင့်မဲရုံအခင်း အကျင်း ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သောစာရွက်စာတမ်းနှင့် ပစ္စည်းများစာရင်း၊ သင်ရိုး(၃) လိုအပ်သည့် ပုံစံများ၊ စစ်ဆေးရမည့်အချက်အလက်များ၊ မသန်စွမ်သူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ သင်ရိုး(၄) မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ သင်ရိုး (၅) မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်း နှင့် မဲရေတွက်ခြင်း တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ သင်ရိုး(၆) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များတို့ကို သင်ကြားပို့ချခဲ့ပြီး  မဲရုံးမှူးများ နည်းပြသင်တန်းသား(၂၄)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသားနည်းပြများမှ ဒေသအလိုက်ပြုလုပ်မည့် မဲရုံမှူးများ သင်တန်းများတွင် တက်ရောက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များနှင့်တွဲဖက် ၍သင်တန်းပို့ချစေမှာ ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။

မန်းကျော်(ပြန်/ဆက်)