နတ်မောက်မြို့နယ်တွင် မီးဖိုချောင်သုံး ခရမ်းသီးများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ

နတ်မောက် နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာရှိ တောင်သူအချို့သည် ခရမ်းများကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကြရာ ယခုအခါ အသီးအပွင့်များ စတင်သီးပွင့်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ရွာရဲ့ စိုက်ပျိုးရေးတောင်သူများဟာ မိုးဦးကာလတွင် စိုက်ပျိုးကြသော သီးနှံများ ရိတ်သိမ်းပြီးချိန်မှစပြီးတော့ မိုးနှောင်းကာလ စိုက်ပျိုးရန်သီးနှံများအတွက် ထယ်ရေးပြုပြင်ခြင်း၊ စိုက်ပျိုးရေးဆိုင်များမှ  မုံလာဥဖြူ၊ ပန်းဂေါ်ဖီ၊ ကန်စွန်း၊ နံနံ၊ မုံညင်၊ ဆလတ်ရွက်၊ တိုင်ထောင်ပဲ၊ ဖရုံ၊ ခရမ်း စသည့်တို့ကိုဝယ်ယူ၍ စိုက်ပျိုးကြပါတယ်၊ ခုစိုက်ပျိုးထားတာကတော့ ဆင်စွယ်မျိုးလို့ခေါ်တဲ့ ခရမ်းအရှည်သီးကို စိုက်ပျိုးထားတာပါ၊ ခရမ်းစိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံး မျိုးစေ့ကို ပျိုးထောင်ရပါတယ်၊ ပျိုးပင် (၄၅)ရက်သားမှာ  တန်းကြား ပင်ကြား (၃) ထောင်ကွာထားပြီး စိုက်ပျိုးရပါတယ်၊ နှစ်လသားအရွယ်ရောက်ရင် အပွင့်နဲ့ သီးကင်းစသီးပါတယ်၊ (၃) လောက်ဆိုရင်တော့ စျေးကွက်သို့ တင်ပို့ရောင်းချလို့ရပါပြီ၊ ခုဆိုရင် အသီးအပွင့်များ ဝေဆာလျက်ရှိပြီး ပထမအသီးများ ခူးယူရောင်းချနေရပြီဖြစ်ပါတယ်၊ ခရမ်းသီး စျေးအနေကတော့ တစ်ပိဿကို လက်ကားစျေးအနေနဲ့ (၃၀၀၀) ကျပ်ရောင်းရပြီး လက်လီစျေးကတော့ (၃၅၀၀) ရောင်းရပါတယ်” ဟု ခရမ်းစိုက်ပျိုးသူ ကိုလှဌေးက ပြောသည်။

မူမူစန်း