ပွင့်ဖြူ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ -၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အဆင်ပြေစွာ သီးနှံစိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာရှိ ဒေသခံတောင်သူများကို ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်ထံက သိရသည်။
ထိုသို့ ဒေသခံတောင်သူများကို ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ချေးငွေများ မထုတ်ချေးမီ ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် မြို့နယ်ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာမှ ဆောင်းသီးနှံကုလားပဲဖြူလုံးကြီး စိုက်ဧက ၅၉ ဧက စိုက်ပျိုးမည့် ဒေသခံတောင်သူ ၅၉ ဦးအတွက် တစ်ဧကလျှင် ချေးငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ချေးငွေကျပ် ၅၉ သိန်းအား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် လျာထားမှုအနေဖြင့် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာနှင့် ပေါက်ကုန်းကျေးရွာမှ ဆောင်းသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများကို ချေးငွေထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ချေးငွေထုတ်ချေးရန် ကျန်ရှိသည့် တောင်သူများအား ယခင်နှစ်က ချေးငွေပြေကြေစွာ ပေးဆပ်မှုအပေါ် မူတည်၍ ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )