ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၆)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

ပေါက်ခေါင်း  အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသာ ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာ(၆)ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက်က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၆)ဦးသည် အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးကုသ ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလ ရက်ပြည့်မြောက်သည့် အချိန်တွင် ကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ရရှိသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သိမ့်သိမ့်ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက ရောဂါပျောက်ကင်းကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး တာဝန်ရှိသူတစ်ဦးက Stay Home နေရမည့် စည်းကမ်းချက်များအား ဖတ်ကြားရှင်းလင်းခဲ့ကာ ပေါက်ခေါင်းမြို့နယ် ပရဟိတ နာရေးကူညီမှုအသင်းနှင့် ကရုဏာရောင်ခြည် ပရဟိတအသင်းတို့မှ ကားများဖြင့် အိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၆)ဦး တွေ့ရှိရာ အဆိုပါ (၆)ဦးလုံး ရောဂါ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုသဖြင့်  ယခုအခါ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပိုးတွေ့လူနာမရှိတော့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)