ဘုတ်ပြင်း နိုဝင်ဘာ ၁၆
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အ.ထ.က-တောင်ဒဂုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဝင်းမော်က လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတ ပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှု ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ပူးပေါင်းတတ်စေရန် စသည့် လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍ Grade-10 ကျောင်းသား မောင်အုပ်စိုးမောင် ၊ Grade-9 ကျောင်းသား မောင်ကြယ်စင်ထွန်း၊ Grade-9 ကျောင်းသား မောင်စွမ်းရဲရင့်၊ Grade-12 ကျောင်းသူ မအေးသက်မွန်၊ Grade-10 ကျောင်းသူ မအိမ့်ဖူးဝေတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိလိုသည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်းများကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)