မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

မိုးညို နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)၊အမျိုးသမီးအသင်း (Women Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်သင်္ခရေးသားသည့် "ခေတ်သစ်လူပါးနှင့်အခြားဆောင်းပါးများ"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက လူငယ်လူရွယ်များ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများစွာရရှိသည့် စာအုပ်စာပေများကိုသာ ဖတ်ရှု့ကြစေရန်၊ မိမိတို့ဖတ်ရှု့ထားသည့် စာအုပ်များထဲမှ အသိဗဟုသုတများကို အခြားသူများသို့ တစ်ဆင့်မျှဝေဆွေးနွေးတတ်စေရန် စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်ဦးမြင့်စိန်က လူနှင့်ဂုဏ်သိက္ခာ၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး ခေါင်းစဥ်များဖြင့်ဖတ်ကြားပြီး Women Club အဖွဲ့ဝင် မသစ်သစ်ဦးနှင့် ဒေါ်ဖြူဖြူတို့က ခေါင်းစဥ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဦးစံလင်းက စည်းကမ်းစနစ်ကောင်းသူဖြစ်ပါစေနှင့် စေတနာအကျိုးပေး ခေါင်းစဉ်များဖြင့် ဖတ်ကြားခဲ့ရာ Youth Club အဖွဲ့ဝင် မောင်ပြည့်ဖြိုးထွန်းနှင့် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါစာအုပ်ကို ဖတ်ရှု့ခြင်းအားဖြင့် ခေါင်းစဥ်ပါအကြောင်းအရာများသည် အကောင်းအဆိုး၊ အမှားအမှန်ကိုခွဲခြားသိမြင်ကာ ကောင်းကျိုးများကို အမှန်တကယ်ရရှိခံစားနိုင်မည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)