ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းပြုလုပ်

ကော့သောင်း နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ပုလုံးတုံတုံးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်သူဇာလှိုင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဖြိုးအိက ယခုကဲ့သို့ လူငယ်စကားဝိုင်း ကျင်းပမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ကျင်းပရာ ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က Moderator အဖြစ် ဆောင်ရွက်ပြီး Grade-10 မှ မောင်ချမ်းလွင်ထွန်းက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ဌေးလင်းလတ်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ထက်မြတ်ဦးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

၎င်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား‌/သူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)