မြဝတီခရိုင်၌ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ (စတုတ္ထအကြိမ်) အစည်းအဝေးကျင်းပ

မြဝတီ      နိုဝင်ဘာ     ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ (စတုတ္ထအကြိမ်) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂  နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းနှင့်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြဝတီခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကာ်မတီဥက္ကဋ္ဌ ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး  လုပ်ငန်းသည်   လက်ရှိကာလတွင်သာ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အနာဂတ်  သားစဉ်မြေးဆက်  ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ရန်   လိုအပ်ပါကြောင်း နှင့်  သက်ရှိသတ္တဝါ၊   ဂေဟစနစ်    ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းကာကွယ်ရေး   လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး  အဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ  အတွင်းရေးမှူး ဦးရန်နိုင်ထွန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအား  ဖတ်ကြားတင်ပြပေးသည်။

ထို့နောက် တက်ရောက်ကြသည့် ဆပ်ကော်မတီဝင်များက သိရှိလိုသည့်အချက်များ  မေးမြန်းကြရာ  တာဝန်ရှိသူကဖြည့်စွက်ဆွေးနွေးပေးပြီး  အစည်းအဝေး  ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)